ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝေစ်းမွစားကုန္ပစၥည္းေငြမေပးဘဲ စစ္သားမ်ားယူေဆာင္သည္ဟု သတင္းမ်ား ထြက္ေပၚလာၿပီးေနာက္ပိုင္း ေစ်းေကာ္မတီဥကၠ႒ကိုခံဝန္လက္မွတ္ေရးထိုးခိုင္း
ေဆာင္းဇာျခည္
နိရဥၥရာ၊ ဒီဇင္ဘာ ၂၃/ ၂ဝ၂ဝ
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝေက်းရြာတြင္ ယေန႔ နံနက္ပိုင္းက ေစ်းေရာင္းခ်ေနသည့္ ေစ်းသည္မ်ား ထံမွ စားေသာက္ကုန္ပစၥည္းမ်ားကို စစ္သားအခ်ိဳ႕မွ ေငြမေပးဘဲ ယူေဆာင္သြားခဲ့သည္ဟု သတင္းမ်ား ထြက္ေပၚ လာၿပီးေနာက္ အေပါက္ဝေစ်းေကာ္မတီဥကၠ႒ထံသို႔ တပ္မေတာ္တာဝန္ရွိသူမ်ား ေရာက္ရွိလာၿပီး ခံဝန္ခ်က္ လက္မွတ္ ေရးထိုးကာ ယူေဆာင္သြားခဲ့သည္ဟု သိရသည္။
အေပါက္ဝေစ်းေကာ္မတီဥကၠ႒ ဦးစံလွိုင္က “မနက္က ေစ်းမွာ ဝင္ၿပီး စားေသာက္ကုန္ေတြကို ယူသြားတာကို ကၽြန္ေတာ္တို႔ ၾကားပါတယ္။ ဒါေပမယ့္ မ်က္ျမင္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ အဲဒါျဖစ္ပီးတဲ့ေနာက္ အမွတ္ ၅၃၉ တပ္ရင္းက ဗိုလ္ေတြ အပါအဝင္ တပ္သား ၈ ေယာက္ေလာက္က ကၽြန္ေတာ့္ဆီကို စာရြက္တစ္ခုနဲ႔ ေရာက္လာပါတယ္။ မနက္က ျဖစ္တဲ့ ကိစၥေတြကို ၾကားလိုက္လား ေမးပါတယ္။ အဲဒါကို သူတို႔အေနနဲ႔ တပ္သားေတြကို ဆုံးမထားတယ္လို႔ ေျပာပါတယ္။ အဲဒီကိစၥအတြက္ ဦးေလးတို႔၊ ရပ္လူႀကီးေတြကိုလည္း ေတာင္းပန္မယ္လို႔ ေျပာပါတယ္။ ေနာက္ေနာင္မျဖစ္ရေအာင္ ကၽြန္ေတာ္တို႔ ႀကိဳးစားပါ့မယ္လို႔ ေျပာပါတယ္။ သူတို႔ ဒီရြာမွာ ေနလာတာလည္း တစ္လေက်ာ္ၿပီေပါ့၊ အဲဒီအေတာအတြင္း ဘာတစ္ခုမွ ယူစားတာမရွိဘူးေပါ့ ဆိုၿပီးေတာ့ ေျပာပါတယ္” ဟု ေျပာဆိုသည္။
၎ေနာက္ စာရြက္ တစ္ရြက္တြင္ ခံဝန္လက္မွတ္ေရးထိုးပါဟု ေျပာသျဖင့္ ေရးထိုးလိုက္ရေၾကာင္း၊ ခံဝန္ခ်က္စာထဲတြင္ အေပါက္ဝေက်းရြာအတြင္းက ေရာင္းခ်စားေသာက္ေနၾကသည့္ ေနရာတြင္ စားေသာက္ကုန္မ်ားကို အတင္းအဓမၼ ေကာက္ယူျခင္း မရွိေၾကာင္း၊ ေက်းရြာအတြင္း မဟုတ္မတရား၊ မေတာ္မတရားဘဲ ဖမ္းဆီး ေခၚေဆာင္မႈ မရွိေၾကာင္း ပါရွိသည္ဟု ဆိုသည္။
“ အဲဒီအတြက္ ခံဝန္ခ်က္ လက္မွတ္ထိုးေပးဆိုၿပီး ေျပာလာလို႔ ကၽြန္ေတာ္ လက္မွတ္ထိုးေပးလိုက္ရပါတယ္။ ေနာက္ေနာင္ မျဖစ္ေစရေအာင္ သူတို႔ႀကိဳးစားသြားဖို႔ ေျပာပါတယ္။ ကၽြန္ေတာ္က ျပည္သူအေနနဲ႔ ေရွ႕နဲ႔ေနာက္မွာ ေရွ႕ကိုၾကည့္ၿပီး လုပ္ေပးရတာေပါ့ေနာ္။ ကိုယ္တို႔မွာက ဘာမွမရွိဘူးေလ။ လက္နက္လည္း မရွိဘူး။ ဆိုေတာ့ သူတို႔ေျပာရင္ ေျပာတဲ့အတိုင္း၊ သူတို႔ကလည္း ယူနီေဖာင္းေတြနဲ႔ လက္နက္ေတြနဲ႔ေရာက္လာၾကတာဆိုေတာ့ လုပ္ေပးရတာေပါ့” ဟု နိရဥၥရာသို႔ ေျပာသည္။
ယေန႔ နံနက္ ၈ နာရီခန္႔က အင္အား ၂ဝ ခန္႔ပါသည့္ တပ္မေတာ္သားမ်ားက အေပါက္ဝရြာ ေစ်းမွ စားေသာက္ကုန္မ်ားကို ေငြမေပးဘဲ ယူသြားေၾကာင္း ေစ်းသည္မ်ားက ေျပာဆိုထားသည္။
အမည္မေဖာ္လိုသူ ေစ်းသည္တစ္ဦးက “ကၽြန္ေတာ္တို႔မွာ ငါးေျခာက္ေတြ ပါသြားတယ္။ ငါးေျခာက္ဆိုေတာ့ သိပ္ေငြ ပမာဏမမ်ားဘူးေပါ့ေနာ္။ တစ္ျခား ေဘးနားက ၾကက္သား၊ ဝက္သားေတြပါသြားတဲ့ သူေတြမွာဆိုရင္ေတာ့ ေငြပမာဏ နည္းနည္းမ်ားတာေပါ့။ သူတို႔က ေငြမေပးရင္ ဘာျဖစ္လဲလို႔ ေျပာပါတယ္” ဟု နိရဥၥရာသို႔ ေျပာသည္။
ကုန္စုံဆိုင္ေရာင္းသူ အမ်ိဳးသမီးတစ္ဦးက “ကၽြန္မမွာ ကုန္စုံဆိုင္ေရာင္းတာပါ။ အရက္ပုလင္းေတြ ပါသြားတယ္။ တျခား မုန္႔ေျခာက္ထုပ္ေတြလည္း ပါသြားပါတယ္။ ေစ်းခေကာက္တယ္လို႔ ေျပာပါတယ္။ ဒီလိုေန႔တိုင္းလာေကာက္မယ္ဆိုၿပီး ေျပာပါတယ္။ ကၽြန္မဆိုင္ေရွ႕က ငါးေရာင္းတဲ့သူေတြဆီက ငါးေတြကိုလည္း ယူသြားတယ္။ တစ္ေစ်းလုံးက ေကာက္ယူ သြားတာပါ။ ေငြလည္း တစ္ျပားမွ မေပးဘူး” ဟု ေျပာသည္။
၎ျပင္ ယမန္ေန႔ ဒီဇင္ဘာ ၂၂ ရက္ေန႔ ညေန ၇ နာရီခန္႔က အေပါက္ဝေက်းရြာမွ ကားဂိတ္မႉး ဦးသိန္းထြန္း၏ သား အသက္ ၁၈ ႏွစ္အရြယ္ ေမာင္ေအာင္ေနဝင္းမွာ ၄င္း၏ အိမ္၌ ရွိေနစဥ္ တပ္မေတာ္သားအခ်ိဳ႕က ကားဂိတ္ အနီးရွိ လမ္းမတစ္ခုေပၚမွ ေမာင္ေနဝင္းအား ေခၚထုတ္ကာ ရိုက္ႏွက္ခဲ့ေၾကာင္း ဖခင္ျဖစ္သူက ေျပာသည္။
“ေအာင္ေနဝင္းက အိမ္ေပၚမွာရွိေနတာ သူ႔သူငယ္ခ်င္းနဲ႔အတူေပါ့။ အဲဒါကို စစ္သားေတြက အျပင္က ေခၚၿပီး ရိုက္တယ္။ သူက ဆယ္တန္းတက္ေနတဲ့ ေကာင္ေလးပါ။ ရိုက္ႏွက္တဲ့အတြက္ ေခါင္းေတြ၊ မ်က္ခုံးေတြမွာ ကြဲသြားပါတယ္။ ေက်ာကုန္းမွာလည္း ဒဏ္ရာေတြရွိပါတယ္” ဟု ဖခင္ျဖစ္သူက နိရဥၥရာသို႔ ေျပာသည္။
အဆိုပါ တပ္မေတာ္သားမ်ားထံ ပါရွိသည့္ တုတ္ေခ်ာင္းမ်ားျဖင့္ ေမာင္ေအာင္ေနဝင္းအား ရိုက္ႏွက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ထိုသို႔ရိုက္ႏွက္ၿပီးေနာက္ ယင္းေန႔ ညေန ၈ နာရီေက်ာ္ခန္႔က ျပန္လႊတ္ေပးလိုက္ေၾကာင္း ၎က ဆက္ေျပာသည္။
အေပါက္ဝေက်းရြာထဲတြင္ ေနထိုင္သည့္ တပ္မေတာ္သား ၃ဝ ခန္႔ထဲမွ အခ်ိဳ႕မွာ အေပါက္ဝေက်းရြာရွိ ရဲစခန္းတြင္ ေနထိုင္ၾကၿပီး အခ်ိဳ႕မွာ ကားဂိတ္အနီးတို႔တြင္ ေနၾကေၾကာင္း ထိုကဲ့သို႔ ယာယီေနထိုင္သည္မွာ တစ္လခန္႔ ရွိေနၿပီ ျဖစ္ေၾကာင္း အေပါက္ဝေက်းရြာမ်ား ေျပာျပခ်က္အရ သိရသည္။
ယင္းကိစၥႏွင့္ ပတ္သက္ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းအား နိရဥၥရာမွ ဆက္သြယ္ခဲ့ရာ “မေန႔ ညေနက ေကာင္ေလးတစ္ေယာက္ ရိုက္ႏွက္ခံရတယ္ဆိုၿပီး အဲဒီရြာက ဖုန္းဆက္လာလို႔ သိရတယ္။ သူ႔ကို ေဆးခန္းပို႔ဖို႔အတြက္ အဲဒီလမ္းတစ္ေလၽွာက္လည္း တပ္မေတာ္သားေတြ ရွိေနလို႔ လမ္းေၾကာင္းမရွင္းတဲ့အတြက္ ေဆးခန္းမပို႔လိုက္ရဘူးလို႔ ေျပာပါတယ္” ဟု နိရဥၥရာသို႔ ေျပာသည္။
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းအား နိရဥၥရာမွ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ရာ အဆက္သြယ္မရရွိခဲ့သျဖင့္ တပ္ဘက္က သေဘာထားကို တင္ျပနိုင္ျခင္း မရွိပါ။
ရခိုင္ျပည္နယ္အစိုးရအဖြဲ႕မွ နယ္လုံဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းအား နိရဥၥရာမွ ဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ပါ။
အလားတူ ေက်ာက္ေတာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဝင္းႏွင့္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးသိန္းေဇာ္အပါအဝင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္လွယ္ ဦးျမင့္နိုင္တို႔အား နိရဥၥရာမွ ဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ပါ။
ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္အား ဆက္သြယ္ခဲ့ရာ သူ႔အေနျဖင့္ ယင္းသတင္းအား ေဖ့စ္ဘုတ္စာမ်က္ႏွာမွတစ္ဆင့္သာ သိရရွိထားၿပီး အတည္မျပဳနိုင္ေသးေၾကာင္း ေျပာသည္။
------------------------------
Unicode -
ကျောက်တော်မြို့နယ် အပေါက်ဝစျေးမှစားကုန်ပစ္စည်းငွေမပေးဘဲ စစ်သားများယူဆောင်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း စျေးကော်မတီဥက္ကဋ္ဌကိုခံဝန်လက်မှတ်ရေးထိုးခိုင်း
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စျေးရောင်းချနေသည့် စျေးသည်များ ထံမှ စားသောက်ကုန်ပစ္စည်းများကို စစ်သားအချို့မှ ငွေမပေးဘဲ ယူဆောင်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ် လာပြီးနောက် အပေါက်ဝစျေးကော်မတီဥက္ကဋ္ဌထံသို့ တပ်မတော်တာဝန်ရှိသူများ ရောက်ရှိလာပြီး ခံဝန်ချက် လက်မှတ် ရေးထိုးကာ ယူဆောင်သွားခဲ့သည်ဟု သိရသည်။
အပေါက်ဝစျေးကော်မတီဥက္ကဋ္ဌ ဦးစံလှိုင်က “မနက်က စျေးမှာ ဝင်ပြီး စားသောက်ကုန်တွေကို ယူသွားတာကို ကျွန်တော်တို့ ကြားပါတယ်။ ဒါပေမယ့် မျက်မြင်တော့ မဟုတ်ဘူးပေါ့နော်။ အဲဒါဖြစ်ပီးတဲ့နောက် အမှတ် ၅၃၉ တပ်ရင်းက ဗိုလ်တွေ အပါအဝင် တပ်သား ၈ ယောက်လောက်က ကျွန်တော့်ဆီကို စာရွက်တစ်ခုနဲ့ ရောက်လာပါတယ်။ မနက်က ဖြစ်တဲ့ ကိစ္စတွေကို ကြားလိုက်လား မေးပါတယ်။ အဲဒါကို သူတို့အနေနဲ့ တပ်သားတွေကို ဆုံးမထားတယ်လို့ ပြောပါတယ်။ အဲဒီကိစ္စအတွက် ဦးလေးတို့၊ ရပ်လူကြီးတွေကိုလည်း တောင်းပန်မယ်လို့ ပြောပါတယ်။ နောက်နောင်မဖြစ်ရအောင် ကျွန်တော်တို့ ကြိုးစားပါ့မယ်လို့ ပြောပါတယ်။ သူတို့ ဒီရွာမှာ နေလာတာလည်း တစ်လကျော်ပြီပေါ့၊ အဲဒီအတောအတွင်း ဘာတစ်ခုမှ ယူစားတာမရှိဘူးပေါ့ ဆိုပြီးတော့ ပြောပါတယ်” ဟု ပြောဆိုသည်။
၎င်းနောက် စာရွက် တစ်ရွက်တွင် ခံဝန်လက်မှတ်ရေးထိုးပါဟု ပြောသဖြင့် ရေးထိုးလိုက်ရကြောင်း၊ ခံဝန်ချက်စာထဲတွင် အပေါက်ဝကျေးရွာအတွင်းက ရောင်းချစားသောက်နေကြသည့် နေရာတွင် စားသောက်ကုန်များကို အတင်းအဓမ္မ ကောက်ယူခြင်း မရှိကြောင်း၊ ကျေးရွာအတွင်း မဟုတ်မတရား၊ မတော်မတရားဘဲ ဖမ်းဆီး ခေါ်ဆောင်မှု မရှိကြောင်း ပါရှိသည်ဟု ဆိုသည်။
“ အဲဒီအတွက် ခံဝန်ချက် လက်မှတ်ထိုးပေးဆိုပြီး ပြောလာလို့ ကျွန်တော် လက်မှတ်ထိုးပေးလိုက်ရပါတယ်။ နောက်နောင် မဖြစ်စေရအောင် သူတို့ကြိုးစားသွားဖို့ ပြောပါတယ်။ ကျွန်တော်က ပြည်သူအနေနဲ့ ရှေ့နဲ့နောက်မှာ ရှေ့ကိုကြည့်ပြီး လုပ်ပေးရတာပေါ့နော်။ ကိုယ်တို့မှာက ဘာမှမရှိဘူးလေ။ လက်နက်လည်း မရှိဘူး။ ဆိုတော့ သူတို့ပြောရင် ပြောတဲ့အတိုင်း၊ သူတို့ကလည်း ယူနီဖောင်းတွေနဲ့ လက်နက်တွေနဲ့ရောက်လာကြတာဆိုတော့ လုပ်ပေးရတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။
ယနေ့ နံနက် ၈ နာရီခန့်က အင်အား ၂ဝ ခန့်ပါသည့် တပ်မတော်သားများက အပေါက်ဝရွာ စျေးမှ စားသောက်ကုန်များကို ငွေမပေးဘဲ ယူသွားကြောင်း စျေးသည်များက ပြောဆိုထားသည်။
အမည်မဖော်လိုသူ စျေးသည်တစ်ဦးက “ကျွန်တော်တို့မှာ ငါးခြောက်တွေ ပါသွားတယ်။ ငါးခြောက်ဆိုတော့ သိပ်ငွေ ပမာဏမများဘူးပေါ့နော်။ တစ်ခြား ဘေးနားက ကြက်သား၊ ဝက်သားတွေပါသွားတဲ့ သူတွေမှာဆိုရင်တော့ ငွေပမာဏ နည်းနည်းများတာပေါ့။ သူတို့က ငွေမပေးရင် ဘာဖြစ်လဲလို့ ပြောပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ကုန်စုံဆိုင်ရောင်းသူ အမျိုးသမီးတစ်ဦးက “ကျွန်မမှာ ကုန်စုံဆိုင်ရောင်းတာပါ။ အရက်ပုလင်းတွေ ပါသွားတယ်။ တခြား မုန့်ခြောက်ထုပ်တွေလည်း ပါသွားပါတယ်။ စျေးခကောက်တယ်လို့ ပြောပါတယ်။ ဒီလိုနေ့တိုင်းလာကောက်မယ်ဆိုပြီး ပြောပါတယ်။ ကျွန်မဆိုင်ရှေ့က ငါးရောင်းတဲ့သူတွေဆီက ငါးတွေကိုလည်း ယူသွားတယ်။ တစ်စျေးလုံးက ကောက်ယူ သွားတာပါ။ ငွေလည်း တစ်ပြားမှ မပေးဘူး” ဟု ပြောသည်။
၎င်းပြင် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၇ နာရီခန့်က အပေါက်ဝကျေးရွာမှ ကားဂိတ်မှူး ဦးသိန်းထွန်း၏ သား အသက် ၁၈ နှစ်အရွယ် မောင်အောင်နေဝင်းမှာ ၄င်း၏ အိမ်၌ ရှိနေစဉ် တပ်မတော်သားအချို့က ကားဂိတ် အနီးရှိ လမ်းမတစ်ခုပေါ်မှ မောင်နေဝင်းအား ခေါ်ထုတ်ကာ ရိုက်နှက်ခဲ့ကြောင်း ဖခင်ဖြစ်သူက ပြောသည်။
“အောင်နေဝင်းက အိမ်ပေါ်မှာရှိနေတာ သူ့သူငယ်ချင်းနဲ့အတူပေါ့။ အဲဒါကို စစ်သားတွေက အပြင်က ခေါ်ပြီး ရိုက်တယ်။ သူက ဆယ်တန်းတက်နေတဲ့ ကောင်လေးပါ။ ရိုက်နှက်တဲ့အတွက် ခေါင်းတွေ၊ မျက်ခုံးတွေမှာ ကွဲသွားပါတယ်။ ကျောကုန်းမှာလည်း ဒဏ်ရာတွေရှိပါတယ်” ဟု ဖခင်ဖြစ်သူက နိရဥ္စရာသို့ ပြောသည်။
အဆိုပါ တပ်မတော်သားများထံ ပါရှိသည့် တုတ်ချောင်းများဖြင့် မောင်အောင်နေဝင်းအား ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ရိုက်နှက်ပြီးနောက် ယင်းနေ့ ညနေ ၈ နာရီကျော်ခန့်က ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
အပေါက်ဝကျေးရွာထဲတွင် နေထိုင်သည့် တပ်မတော်သား ၃ဝ ခန့်ထဲမှ အချို့မှာ အပေါက်ဝကျေးရွာရှိ ရဲစခန်းတွင် နေထိုင်ကြပြီး အချို့မှာ ကားဂိတ်အနီးတို့တွင် နေကြကြောင်း ထိုကဲ့သို့ ယာယီနေထိုင်သည်မှာ တစ်လခန့် ရှိနေပြီ ဖြစ်ကြောင်း အပေါက်ဝကျေးရွာများ ပြောပြချက်အရ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “မနေ့ ညနေက ကောင်လေးတစ်ယောက် ရိုက်နှက်ခံရတယ်ဆိုပြီး အဲဒီရွာက ဖုန်းဆက်လာလို့ သိရတယ်။ သူ့ကို ဆေးခန်းပို့ဖို့အတွက် အဲဒီလမ်းတစ်လျှောက်လည်း တပ်မတော်သားတွေ ရှိနေလို့ လမ်းကြောင်းမရှင်းတဲ့အတွက် ဆေးခန်းမပို့လိုက်ရဘူးလို့ ပြောပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့သဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
အလားတူ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်အပါအဝင် ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်လှယ် ဦးမြင့်နိုင်တို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အား ဆက်သွယ်ခဲ့ရာ သူ့အနေဖြင့် ယင်းသတင်းအား ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့်သာ သိရရှိထားပြီး အတည်မပြုနိုင်သေးကြောင်း ပြောသည်။
https://burmese.narinjara.com/.../5fe310323f8935047dbb7950
https://www.facebook.com/narinjara.info/posts/3898386256840089
No comments:
Post a Comment