Monday, December 28, 2020

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရှမ်းကုန်းရွာ၌ နေအိမ် ၇ လုံးမီးရှို့ခံရ

 တပ်မတော်နှင့် အေအေ အကြား ၂ လနီးပါးကြာ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုရှိ ချင်းတိုင်းရင်းသားများနေထိုင်သော ရှမ်းကုန်းကျေးရွာမှ နေအိမ် ၇ လုံးမီးရှို့ခံရသည်ဟု ကာယကံရှင်များက ပြောသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၁၂ နာရီက ရှမ်းကုန်းရွာအလယ်ခေါင်ရှိ နေအိမ်များ မီးရှို့ခံရခြင်းဖြစ်ပြီး ကျူးလွန်သူကို စုံစမ်းဆဲဖြစ် ကြောင်း အိမ်မီးရှို့ခံလိုက်ရသော ချင်းလူသားချင်း စာနာထောက်ထားမှု ကူညီပေးရေးအဖွဲ့ (ရခိုင်ပြည်နယ်) အတွင်းရေးမှူး ဆလိုင်းဝင်းမောင်က မြန်မာတိုင်းမ်ကိုပြောသည်။

“ဘယ်သူက မီးရှို့ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က အေအေကို မထောက်ခံသလို တပ်မတော်ကိုလည်း မထောက်ခံတဲ့သူတွေဖြစ်တာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက တပ်မတော်နဲ့ အေအေအကြား စစ်ရေးပဋိပက္ခမှာ ကြားညှပ်နေသူတွေဖြစ်တယ်” ဟု ၎င်းကပြောသည်။

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့အကြားတိုက်ပွဲများကြောင့် ချင်းတိုင်းရင်းသားအများစုနေထိုင်သော ရှမ်းကုန်းရွာသားများသည်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အခြားသော အရပ်သားများနည်းတူ အိုးအိမ်စွန့်ခွာကာ စစ်ဘေးဒုက္ခသည်စခန်းများတွင် ခုံလှုံနေကြရသည်။

‘ကျွန်တော်တို့ရွာက လူအများစုက ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြပေမယ့် အိုးအိမ်တွေကို စောင့်ရှောက်ဖို့ တစ်အိမ် ၁ ယောက် သို့မဟုတ် ၂ ယောက် လောက်တော့ ရွာမှာကျန်ခဲ့ပါတယ်။ သူတို့အိပ်နေတဲ့အချိန်မှာ မီးရှို့ခံလိုက်ရတာ” ဟု ဆလိုင်းဝင်းမောင်က ဆိုသည်။လူများအိပ်မောကျနေ၍ မီးတောက်များကြီးမားလာမှသာ သိရှိခဲ့ပြီး ထွက်ပြေးခဲ့ရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ 

တပ်မတော်နှင့် အေအေတို့အကြား တိုက်ပွဲများပြင်းထန်ခဲ့သော ၂၀၁၈ နိုဝင်ဘာလမှ ၂၀၂၀ အောက်တိုဘာ လကုန်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူနေအိမ်ပေါင်း ၂၀၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့သည်ဟု ရခိုင်တိုင်းရင်းသားကွန်ဂရက် အတွင်းရေးမှူးဦးဇော်ဇော်ထွန်းက ပြောသည်။ အဆိုပါမီးလောင်မှုများအတွက် မည်သည့်အဖွဲ့အစည်းကမှ ဝန်ခံပြော ဆိုခြင်းမရှိသေးကြောင်း သိရသည်။

https://myanmar.mmtimes.com/news/149047.html

No comments:

Post a Comment