ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလခန့်ကစတင်၍ ဆန်ရိက္ခာနှင့် အခြားလိုအပ်ချက်များ ထောက်ပံ့ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာအထိ ကျပ် ၆ ဘီလီယံနီးပါးရှိသွားပြီဖြစ်ပြီး လိုအပ်ချက်အရ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထံမှသိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရနှင့်အတူ ဆန်ရိက္ခာထောက်ပံ့ရာတွင် ပြည်နယ် အစိုးရအနေဖြင့် လူအင်အားစိစစ်၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနသို့ အကြောင်းကြားကာ လူတစ်ဦးလျှင် တစ်ရက် ဆန်နှစ်ဘူးနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အဆိုပါဆန်ရိက္ခာထောက်ပံ့မှုကို ယေဘုယျအားဖြင့် တစ်ပတ်အထိ ခွင့်ပြုချက်မလိုဘဲ ထောက်ပံ့ပေးရန်နှင့် ရခိုင်ပြည်နယ်အတွက် တိုက်ပွဲရှောင်အသစ်များ ထပ်တိုးရောက်ရှိပါက နှစ်ပတ်အထိ ထောက်ပံ့ပေးရန်ခွင့်ပြုပေးထားကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
"တိုက်ပွဲရှောင်စခန်းတွေအနေနဲ့ ကာလရှည်နေထိုင်သူများရှိသလို အဝင်အထွက်တွေလည်းရှိလို့ စာရင်းကောက်ယူတဲ့အခါမှာ အခက်အခဲရှိတာကို နားလည်ပါတယ်။ သက်ဆိုင်ရာ ထွေ။အုပ်တာဝန်ရှိသူတွေက လူအင်အားစိစစ်ပြီး ထောက်ပံ့ပေးရန် ညှိနှိုင်းအကြောင်းကြားလာချိန်မှာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ခွင့်ပြုချက်ရယူကာ ထောက်ပံ့ပေးလျက်ရှိပါတယ်" ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိတိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ဒီဇင်ဘာလ ၂၈ ညနေပိုင်းက ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြုလုပ်ခဲ့သော အွန်လိုင်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ပြည်နယ်အစိုးရက စိစစ်တောင်းခံမှုတိုင်းကို ထောက်ပံ့ပေးနေပေ မယ့် အချို့သောမီဒီယတွေက တိုက်ပွဲရှောင်စုရပ်တွေမှာ ဆန်ထောက်ပံ့မှုတွေ မရဘူးလို့ ထုတ်လွှင့်နေကြတယ်။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ရဲ့ တိုက်ပွဲရှောင်တွေအပေါ် အလေးထား ဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာစွာ အသိပေးရမှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ရိက္ခာပြတ်လပ်မှုမရရှိစေရေး ထောက်ပံ့နိုင်ရန် ပြည်နယ်အစိုးရအနေဖြင့် စာရင်းကောက်ယူမှုများနှင့် သွားရောက်ထောက်ပံ့မှုများတွင် လုံခြုံရေးကန့်သတ်ချက်အပြင် တိုက်ပွဲရှောင်အဝင်၊ အထွက်များခြင်းကြောင့် အခက်အခဲရှိကြောင်း၊ ဒေသအခြေ အနေပေါ်မူတည်၍ အဝင်၊ အထွက် မတည်ငြိမ်မှုများကြောင့် ဆန်ဝေသည့် အချိန်တွင် မရှိသူများ၊ နားလည်မှုလွဲမှားခြင်းများရှိကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီးက ထောက်ပြပြောဆိုသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလခန့်ကစတင်ပြီး တိုက်ပွဲများကြောင့် ဒေသခံအရပ်သားများ ထိခိုက် သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုနှင့် နှစ်ဖက်တပ်များ၏ဖမ်းဆီးခံရမှုတို့ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရမှုများရှိပြီး စစ်ဘေးဒုက္ခသည် ၂၃၀ဝဝဝ ကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (RCE) က ထုတ်ပြန်ထားသည်။
http://thevoicemyanmar.com/news/45222-kau
No comments:
Post a Comment