Monday, December 28, 2020

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၆၀ဝ ကျော် တိမ်းရှောင်နေရ

 ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၆၀ဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာတစ်ရွာ၌ ရွာသား ၅၀ ကျော် ပိတ်မိနေသည်ဟု ကျောက်မဲဒေသခံများထံမှ သိရသည်။ 


"ကျောက်မဲမြို့နယ် လွယ်အံကျေး ရွာအုပ်စုထဲမှာ RCSS /SSA နဲ့ TNLA တိုက်နေကြတာ။ ဒီဇင်ဘာ ၂၉ ရက် မနက် ၁၀ နာရီအထိ လွယ်အံ၊ ပန်မခါး၊ ကောင်းခါး နဲ့ ပန်လော့ရွာဘက်က အိမ်ထောင်စု ၁၄၈ စု လူပေါင်း ၆၁၀ ဦး ကျောက်မဲကို ရောက်လာတယ်။ ပန်စပ်ရွာ အဝင်အထွက်လမ်းတွေကို မိုင်းထောင်ထားတယ်လို့ သတိပေးနေတာကြောင့် ရွာသား ၅၀ လောက် မထွက်နိုင်ဘဲ ရွာထဲမှာပိတ်မိနေတယ်" ဟု ကျောက်မဲဒေသခံ ဦးကျော်မိုးက ပြောဆိုသည်။ 

အဆိုပါကျေးရွာများမှထွက်ပြေး တိမ်းရှောင်လာသူများကို ကျောက်မဲမြို့ပေါ်ရှိ ပိန္နဲကုန်းဘုန်းတော်ကြီးကျောင်း၊ မန်ကောင်းစာသင်ကျောင်း၊ သိန္နိသုခ ဓမ္မာရုံတို့တွင် လတ်တလောနေရာချထားပေးကြောင်း ၎င်းကရှင်းပြသည်။ 

ကျောက်မဲမြို့နယ်အတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှစတင်ကာ RCSS /SSA နဲ့ TNLA တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုများဖြစ်ပေါ်နေခဲ့ပြီး ပန်စပ်ကျေးရွာအဝင်အထွက် လမ်းများကို မိုင်းထောင်ထားကြောင်း အသိပေးထားသည့်အတွက် အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များပိတ်မိနေကြောင်း၊ လူငယ်အချို့နှင့် သွားနိုင်လာနိုင်သူအချို့မှာ တောလမ်းများမှတစ်ဆင့် နောင်ချိုမြို့ဘက်သို့ တိမ်းရှောင်နိုင်သော် လည်း ပိတ်မိနေသူ ၅၀ ဦးကို လူမှုကူညီရေးပရဟိတယာဉ်များက အန္တရာယ်ကင်းသည့်နေရာအထိ သွားရောက်ကြိုဆိုကြရန် လုပ်ဆောင်နေကြကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများအဆိုအရ သိရသည်။ 

လတ်တလောတွင် ကျောက်မဲမြို့ ပေါ်သို့ရောက်လာသူများ နေထိုင်ရေး စားသောက်ရေးအတွက် ကူညီမှုများရရှိခဲ့သော်လည်း အများစုမှာ အလျင်စလိုပြေးလာရခြင်းကြောင့် စောင်နှင့်အနွေးထည်များလိုအပ်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှစတင်ကာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုကြောင့် ဒေသခံများစွာ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

http://thevoicemyanmar.com/news/45226-mal

No comments:

Post a Comment