Thursday, December 31, 2020

ရခိုင်တွင် တိုက်ပွဲပြန်မဖြစ်ရန် နှစ်ဖက်အဖွဲ့အပေါ်မူတည်ပြီး အင်တာနက်ပြန်ဖွင့်၊ မဖွင့် မသိသေးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

 ရခိုင်တွင် တိုက်ပွဲပြန်မဖြစ်ရန် နှစ်ဖက်အဖွဲ့အပေါ်မူတည်ပြီး အင်တာနက်ပြန်ဖွင့်၊ မဖွင့် မသိသေးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် တိုးတက်လာမည်ဟု ယုံကြည်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်မဖြစ်ပွားစေရေးသည် နှစ်ဖက် အဖွဲ့အစည်းကြား စောင့်ထိန်းမှု စောင့်စည်းမှု အပေါ်တွင် မူတည်ကြောင်း ဒီဇင်ဘာလ ၃ဝရက်နေ့ကပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွေ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောဆိုသည်။
“ ကျွန်တော်တို့ အနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ အခုလို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီးတော့ကျ ငြိမ်းချမ်းနေတဲ့ အခြေအနေ IDP Camp တွေကနေပြီးတော့ ရွာသူရွာသားတွေ သူ့ရွာသူပြန်ပြီးတော့ကျ သူ့အလုပ်သူလုပ်နိုင်တဲ့ အခြေအနေတွေကနေ တစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ ဖြစ်ပေါ်တိုးတက်လာလိမ့်မယ်လို့ပဲ ယုံကြည်ပါတယ်” ဟု ၎င်းကပြောဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး AA၏ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်း ပြန်လည်ထုတ်ပြန်ပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုများ မရှိသလောက်ဖြစ်သွားကြောင်း ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်မဖြစ်စေရေးသည် နှစ်ဖက်အဖွဲ့အစည်းကြား စောင့်ထိန်းမှုများ မူတည်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆက်လက်ပြောဆိုသည်။
“ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ကျ AA အနေနဲ့ ထုတ်ပြန်ချက် ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ အဲထဲမှာတော့ ဒီဇင်ဘာ ဒီနှစ်မကုန်ခင်မှာ ရွေးကောက်ပွဲလုပ်ပေးနိုင်ဖို့ သူတို့ဆန္ဒရှိတဲ့အကြောင်း မေတ္တာရပ်ခံတဲ့အကြောင်း ဒါကိုတပ်မတော်အနေနဲ့ ကြိုဆိုတဲ့အကြောင်း ဒါပြောခဲ့တယ်။ အဲနောက်ပိုင်းမှာ ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှုမရှိသလောက်ဖြစ်တယ်။ ခုချိန်ထိလည်း မရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ကျ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနိုင်လား။ ဆက်မဖြစ်ပွားနိုင်လားဆိုတာကတော့ ကျွန်တော်ပြောလိုတာ နှစ်ဖက်လုံးအပေါ်မှာ မူတည်ပေါ်မှာ မူတည်လိမ့်မယ်။ နှစ်ဖက်လုံးရဲ့ ဆက်လက် စောင့်ထိန်း စောင့်စည်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောလိုပါတယ်” ဟု ၎င်းကပြောဆိုသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်မဖြစ်ပွားစေရန် ဆောင်ရွက်နေကြောင်း စစ်အင်အားဖြည့်တင်းမှုများ မရှိဘူးကြောင်း ရခိုင်ပြည်နယ်အတွင်း တပ်မတော်က စစ်အင်အား ဖြည့်တင်းမှုများ ရှိနေသည်ဟု ပြောဆိုနေခြင်းသည် မည်သည့် အထောက်အထားအရ ပြောဆိုနေသည်ကို မေးမြန်းချင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောဆိုသည်။
တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ မရှိတော့သော်လည်း အင်တာနက် ပြန်လည် ဖွင့်ပေးရေးကိစ္စနှင့်ပတ်သက်၍မူ မသိသေးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ရခိုင်တပ်တော် နှင့် တပ်မတော်ကြား တိုက်ပွဲများ မဖြစ်ပွားသည်မှာ ၂လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။

https://www.facebook.com/khitthitnews/posts/1097787843991894?__cft__[0]=AZU4rbR_y8c3QsPhSW28nhyNT2o0FP-OB9RwTm3-_ReoBgBhNbWpL8m2MPuJEqcT51A-1Toarr1IQxEoTA-55uNkfhz1-7H8ed00nLZ6cIGnkZEfeUHx1I7ZIdRO4OKiBWoDp8kTJezA-dhBNf_J0Plm&__tn__=%2CO%2CP-R

No comments:

Post a Comment