တပ်မတော်နှင့် AA အဖွဲ့တို့အကြားဆွေးနွေးမှုများအရ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအခြေအနေ တိုးတက်လာလိမ့်မည်ဟုယုံကြည်ကြောင်းတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ဒီဇင်ဘာ ၃ဝ ရက်က နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကအထက်ပါအတိုင်းထည့်သွင်းပြောသည်။
''ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီးတော့ ငြိမ်းချမ်းနေတဲ့အခြေအနေ ရွာသူရွာသားတွေ သူ့ရွာသူပြန်ပြီးတော့ သူ့အလုပ်သူလုပ်နိုင်တဲ့အခြေအနေတွေကနေတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေက ဖြစ်ပေါ်တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်''ဟု ၎င်းက ပြောသည်။
နိုဝင်ဘာလဆန်းပိုင်းမှ ဒီဇင်ဘာလကုန်အထိ တပ်မတော်နှင့် AA အဖွဲ့အကြား အပစ်အခတ်ရပ်စဲနေသည့်ကာလအတွင်း တပ်မတော်အနေဖြင့်စစ်အင်အားဖြည့်တင်းမှုများပြုလုပ်ခြင်းမရှိသလို ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်မဖြစ်ပွားစေရေးကို ဦးတည်ဆောင်ရွက်နေကြောင်း ၎င်းကဆက်ပြောသည်။
''ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ပြီးတော့ဖြစ်ပွားနိုင်လား၊ မဖြစ်ပွားနိုင်လားဆိုတာကတော့ နှစ်ဖက်စလုံးရဲ့စောင့်စည်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်''ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆက်ပြောသည်။ AA အဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီးရှစ်လအကြာ နိုဝင်ဘာ ၂၅ ရက်တွင်တပ်မတော်ကိုယ်စားလှယ်များနှင့် AA ကိုယ်စားလှယ်များသည် အွန်လိုင်းကတစ်ဆင့် မိနစ် ၃ဝ ကြာအောင်ဆွေးနွေးခဲ့သည်။ ထို့နောက် လူချင်းတွေ့ဆုံသည့်ဆွေးနွေးပွဲကို UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၌ဒီဇင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်ကိုးခုကို ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအရ စိတ်ချရသည့်အခြေအနေတစ်ခုဖြစ်လာရန် ဆွေးနွေးနေခြင်းဖြစ်သည်ဟု တပ်မတော်က ဆိုသည်။
နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုသည် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် AA အဖွဲ့၏စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ အကြားတွေ့ဆုံဆွေးနွေးမှုဖြစ်လာရန် တပ်မတော်နှင့် AA အဖွဲ့တို့အကြားညှိနှိုင်းနေကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းက တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများသည် ၂ဝ၂ဝ ပြည့်နှစ်အောက်တိုဘာလကုန်အထိ နှစ်နှစ်ကြာခဲ့ပြီး အရပ်သားနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာလူနေအိမ် ၂ဝဝဝ ကျော်သည် စစ်ပွဲအတွင်း မီးလောင်ဆုံးရှုံးခဲ့ရသည်။ ယခုအပစ်အခတ်ရပ်စဲထားနိုင်သည့် နှစ်လအတွင်း အရပ်သားတစ်သိန်းဝန်းကျင်သည် ၎င်းတို့၏မူလနေရပ်များသို့ ပြန်လည်နေထိုင်နေပြီဖြစ်သော်လည်း လုံခြုံရေးအရ အာမခံချက်မရှိသေးကြောင်း စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့အစည်းများက ပြောသည်။
https://myanmar.mmtimes.com/news/149116.html
No comments:
Post a Comment