ကျောက်တော်တွင် ၁၀ တန်းကျောင်းသားကို ၁ နာရီကျော်ကြာ ရိုက်နှက်စစ်ဆေးမှု ကျူးလွန်သူ တပ်မတော်သားများကို အရေးယူရန် တောင်းဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် နေထိုင်သည့် ၁၀ တန်းကျောင်းသားတစ်ဦးကို တပ်မတော်သား ၂ ဦးက ဖမ်းဆီး ရိုက်နှက်စစ်ဆေးသည့်ကိစ္စ အရေးယူပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ကျောက်ဖြူ GTI ကျောင်းသားသမဂ္ဂက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သဘောထားကြေညာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေပိုင်း ကျောက်တော်မြို့နယ် ၊ အပေါက်ဝကျေးရွာနေ(အဖ) ဦးသိန်းထွန်း၏ သား ကိုအောင်နေဝင်း (၁၈ နှစ်) သည် စစ်တွေ-ရန်ကုန် ကားလမ်း အပေါက်ဝကားဂိတ်ရှိ နေအိမ်တွင်ရှိနေစဉ်မြန်မာ့တပ်မ တော်သားနှစ်ဦး ကလာရောက်ခေါ်ဆောင်ကာ အိမ်ပြင်ကိုရောက်သည်နှင့်ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအနီး ရှိ မြန်မာ့တပ်မတော်စစ်ကြောင်းထံသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ တစ်နာရီကျော်ခန့် ရိုက်နှက် နှိပ်စက်ခဲ့ ပြီးနောက် ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။
မင်းမဲ့တိုင်းပြည်တွင်နေသည့်သဖွယ် “မသင်္ကာ၍စစ်ဆေးသည်” ဟူသည့်ခေါင်းစဉ်အောက်တွင် အပြစ်မဲ့ပြည်သူများအား အသက်အန္တရာယ်ထိခိုက်စေနိုင်သည်အထိ ရိုက်နှက်စစ်ဆေးခြင်းများသည် ပြည်သူ့တပ်မတော်တစ်ရပ်မှလုပ်သင့်သည့် လုပ်ရပ်များမဟုတ်၊ယုတ်ညံ့သောဖက်ဆစ်တို့၏လုပ်ရပ်သာ ဖြစ်ကြောင်း၊ အထက်ပါဖြစ်စဉ်ကဲ့သို့ကျောင်းသားများအား ဖမ်းဆီးနှိပ်စက်ရိုက်နှက်ခြင်းသည် ယခုတစ်ကြိမ် ပင်မဟုတ်တော့ဘဲ လွန်ခဲ့သော လအနည်းငယ်ခန့်က ကျောက်ဖြူပညာရေးကောလိပ်မှကျောင်းသား တစ်ဦးကိုလည်း မြန်မာ့တပ်မတော်က ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
လက်ရှိအာဏာရ အစိုးရအနေဖြင့်လည်း ရက္ခိုင်ပြည်အတွင်း အပြစ်မဲ့ပြည်သူများ မတရားသတ် ဖြတ်ခံနေရခြင်းအပေါ် ပြည်သူများဘက်မှ မားမားမတ်မတ် မရပ်တည်ခြင်းသည် ၎င်းတို့ကြွေးကြော်နေ သော ‘ဖက်ဒရယ်ပြည်ထောင်စုနှင့် အမျိုးသားရင်ကြားစေ့ရေး’ ကို အလှမ်းဝေးစေကြောင်း ၊ ‘မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်’ ဆိုသည်မှာလည်း အမည်ခံမျှသာရှိ၍ရက္ခိုင် ပြည်သူများ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအပေါ် မမြင်ဟန်၊ မကြားဟန် ဆောင်နေ သည်မှာ အများပြည်သူတို့ စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်း ကျောင်းသားသမဂ္ဂ၏သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ၁၀ တန်းကျောင်းသားကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့သည့် တပ်မတော်သားများကို အရေးယူပေးရန် တောင်းဆိုကြောင်း အဆိုပါ ကြေညာချက်တွင် တောင်းဆိုထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း၊ တုံ့ပြန်ခြင်းမရှိပေ။
https://www.facebook.com/khitthitnews/posts/1093692047734807?__cft__[0]=AZXrbBABESflc6Z_7alrBbz7dFg8SkDqyTCtBtZBfHO15Ol53VgUHY-obzwaLdcazliwdMwH_Y0vI-tfyzAg5hBPj7ICRxBDGexZMUcpyWIGGeITxj4VN2i8Ekm4pxP1vigGc9s9e9Ewzlmc6hsashKK&__tn__=%2CO%2CP-R
No comments:
Post a Comment