Wednesday, December 23, 2020

ကျောက်တော်တွင် ကျောင်းသားတစ်ဦးကို တပ်မတော်သားအချို့က ရိုက်နှက်ခဲ့ကြောင်း နစ်နာသူမိသားစုပြော

 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင်နေထိုင်သည့် ဆယ်တန်းကျောင်းသားတစ်ဦးကို တပ်မတော်သားအချို့က ဖမ်းဆီးရိုက်နှက်မှု ဒီဇင်ဘာ ၂၂ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ရိုက်နှက်ခံရသူ၏ မိသားစုဝင်များနှင့် ဒေသခံများကပြောသည်။

မောင်အောင်နေဝင်း (၁၈)နှစ်မှာ စစ်တွေ-ရန်ကုန်းကားလမ်း အပေါက်ဝကားဂိတ်ရှိ မိမိနေအိမ်တွင်ရှိနေစဉ် ညနေ ၆ နာရီကျော်ခန့်တွင် တပ်မတော်သားနှစ်ဦးက လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးသိန်းထွန်းကဆိုသည်။

ယင်းနောက် ကျေးရွာအနီးတပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းထံ ခေါ်ဆောင်သွားပြီး ရိုက်နှက်ခဲ့သည့် အတွက် မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ဦးသိန်းထွန်းက ပြောသည်။

“ဒီအိမ်က ဘယ်သူ့သားလဲလို့မေးတယ်၊ သူက ဒီအိမ်ကအိမ်ပိုင်ရှင်သားလို့ပြောတော့ ဂိတ်မှူးသားဆိုလာခဲ့ ဆိုပြီးတော့ အိမ်ပြင်ကိုရောက်တာနဲ့ သူကိုစရိုက်တယ်၊ မျက်နှာမှာ ဒဏ်ရာတွေအများကြီးပဲ၊ ခေါင်းကိုရိုက်တယ်၊ နောက်ပြီးသူ့ကို မင်းကိုယ်ပိုင်နံပတ်ဘယ်လောက်လဲလို့ မေးတယ်လို့ပြောတယ်။ သူက ကျနော်ကျောင်းသားပါ ဆိုရင်လည်း သူတို့ကရိုက်တယ်လို့ပြောတယ်” ဟု ဖခင်ဖြစ်သူကပြောသည်။

မောင်အောင်နေဝင်းကို တစ်နာရီကြာစစ်ဆေးပြီးနောက် ည ၈ နာရီအချိန်တွင် ပြန်လွှတ်ပေးခဲ့ရာ ရရှိခဲ့သည့် ဒဏ်ရာများကို ယနေ့နံနက်ပိုင်းက အပေါက်ဝဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း မိသားစုဝင်များက ဆိုသည်။

“အိမ်ကခေါ်ပြီးရိုက်တာတော့ မကောင်းဘူးပေါ့၊ မတရားရာကျတာပေါ့၊ တကယ်ဆို လမ်းဘေးမှာအရက်မူးပြီး တော့ သွားလာနေတာကြောင့် ခေါ်ပြီးတော့ရိုက်ရင်တော့ တစ်မျိုးပေါ့၊ အခုက ဒီတိုင်းအိမ်ကခေါ်ပြီး ရိုက်တယ် ဆိုတာတော့ တရားလွန်တယ်” ဟု ဖခင်ဖြစ်သူ ဦးသိန်းထွန်းကပြောသည်။

ယင်းသို့ ရိုက်နှက်မှုများရှိကြောင်း ပြောဆိုချက်အပေါ် တပ်မတော်၏တုန့်ပြန်ချက်ကိုရရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။ ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း တပ်မတော်က သံသရှိသူများကိုခေါ်ယူစစ်ဆေးမှုများရှိသော်လည်း နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများကြောင့် တိုက်ပွဲဖြစ်ပွားမှု တစ်လကျော်ကြာရပ်တန့်လျက်ရှိသည့်ကာလတွင် ဖမ်းဆီးစစ်ဆေးမှုများလည်း ရပ်တန့်လျက် ရှိနေခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒဏ်ခံစားနေရသည့် ဒေသခံပြည်သူများမှာ တိုက်ပွဲများရပ်တန့် နေသဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိလာသည်ဟု ခံစားလာရချိန်တွင် ဖမ်းဆီးရိုက်နှက်မှုများကို မလုပ်ဆောင် သင့်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဆိုသည်။

“မလုံမခြုံခံစားနေရတဲ့လူတွေအတွက် အခုမှ နည်းနည်းလောက် လုံခြုံမှုတစ်ခုကို သာမန်ခံစားရတဲ့အချိန်ပဲ ရှိသေးတာပေါ့၊ အချင်းချင်းနားလည်မှုတွေနဲ့ သွားလာနေကြတဲ့အချိန်မှာ ပြန်ပြီးတော့ စိုးရိမ်မှုတွေကို မဖြစ်အောင်၊ အခုချိန်မှာတော့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် မလုပ်သင့်ဘူးလို့ယူဆတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာ တိုက်ပွဲများရပ်တန့်လျက်ရှိနေသဖြင့် စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများလည်း ရှိနေသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/apw-ktw-std-tmd.html

No comments:

Post a Comment