ရခိုင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းမြောက်ဒေသများရှိ ပဋိပက္ခဒဏ် ခံစားနေကြရသည့် နေရပ်စွန့်ခွာရသူများနှင့် ပတ်ဝန်းကျင်ကျေးရွာလူထုများအတွက် အမေရိကန်ဒေါ်လာ ၉ သန်းကျော် တန်ဖိုးရှိသော အထောက်အပံ့များကို ဂျပန်အစိုးရက ပေးအပ်လိုက်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ် (မစ္စတာမာရုယာမအီချီရို) Mr. MARUYAMA Ichiro က ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုဖြစ်သည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့ကို (အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ သန်းခန့်) တန်းဖိုး ရှိသော အထောက်အပံ့စီမံကိန်းများကို လက်မှတ်ရေးထိုးပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါ စီမံကိန်းများကို ပဋိပက္ခများဒဏ်ခံစားနေရသည့် ပြည်နယ်များဖြစ်သော ရခိုင်၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဆောင်ရွက်ပေးရန် ရည်ရွယ်ထားကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့မှုများအနက် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင် ကျေးရွာလူထုများအတွက် ကျန်းမာရေး၊ ရေ၊ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး(WASH)နှင့် ပညာရေး ဆိုင်ရာ အထောက်အပံ့စီမံကိန်းများကိုလုပ်ဆောင်ရန် UNICEF ထံသို့ ၄ ဒသမ ၇ သန်းတန်ဖိုးရှိ အထောက်အပံ့များပေးအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
အလားတူကျန်ရှိသော ၄ ဒသမ ၇ သန်းတန်ဖိုးရှိ အထောက်အပံ့များကိုလည်း ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာ လူထုများအတွက် အာဟာရဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ လုပ်ဆောင်ရန် WFP ထံသို့ ပေးအပ်ကြောင်း ဂျပန်သံရုံးကဆိုသည်။
ဂျပန်အစိုးရ၏ ထောက်ပံ့မှုများကိုစီမံခန့်ခွဲမည့် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP)ကမူ ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးမှုအကူအညီများပေးရန် လိုအပ်ချက်များ ရှိနေသေးသည့်အတွက် ရခိုင်ပြည်နယ်တွင် အများဆုံးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း WFP မှ ဆက်သွယ်ဆက်ဆံရေးအရာရှိ ဦးထက်ဦးလင်းက ပြောသည်။
“ဂျပန်နိုင်ငံအစိုးရက ပံ့ပိုးပေးအပ်တဲ့ လှူဒါန်းမှုတွေကို WFP အနေနဲ့ ရခိုင်၊ ကချင်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရမြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိတဲ့ အထဲမှာမှ အထောက်အပံ့အများစုကို ရခိုင်ပြည်နယ်အတွက် ပေးအပ်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ ဖွံ့ဖြိုးမှုအကူအညီတွေပေးဖို့ လိုအပ်ချက် တော်တော် များများရှိတာကြောင့်ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ကယ်ဆယ်ရေးအထောက်အပံ့များမှတဆင့်လည်း လူဦးရေ ၁၃၈,၈၀၀ ပါဝင်သော အကျိုးခံစားခွင့်ရှိသူများ၊ အာဟာရဖြည့်တင်းခြင်းဆိုင်ရာ အထောက်အပံ့များမှတစ်ဆင့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ နို့တိုက်မိခင်နှင့် အသက် ၅ နှစ်အောက်ကလေးငယ် ၃၁,၀၅၀ ဦးထံသို့ အထောက်အပံ့ပစ္စည်းများပေးအပ်ရန် ရည်ရွယ်ထား ကြောင်း ဂျပန်သံရုံးမှ သိရသည်။
ထို့အပြင် အရင်းအနှီးရင်းမြစ်ဖော်ဆောင်မှု စီမံချက်မှတဆင့် လူဦးရေ ၂၀,၀၀၀၊ စားနပ်ရိက္ခာအထောက်အပံ့ မှတစ်ဆင့် HIV/TB လူနာ ၁,၄၀၀ နှင့် ကျောင်းတွင်းအစားအစာကျွေးခြင်း အစီအစဉ်မှတစ်ဆင့် မူလတန်း ကျောင်းမှ ကလေးသူငယ် ၁၉၇,၀၀၀ ဦးတို့အား အထောက်အပံ့များပေးအပ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/jp-govt-pv-d-9m.html
No comments:
Post a Comment