Thursday, December 31, 2020

ရခိုင်ဒေသတိုက်ပွဲများအတွင်းဖမ်းဆီးရမိသည့် မြန်မာ့တပ်မတော်သားများထဲမှ ကျန်းမာရေးချို့ယွင်းနေသူ(၃) ဦးအား ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

 ရခိုင်ဒေသတိုက်ပွဲများအတွင်းဖမ်းဆီးရမိသည့် မြန်မာ့တပ်မတော်သားများထဲမှ ကျန်းမာရေးချို့ယွင်းနေသူ(၃) ဦးအား ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်


၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်


မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့သည် ရခိုင်ဒေသ၊ ပလက်ဝဒေသများ၌ နှစ်နှစ်ကျော် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်၏တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးခဲ့သည့် အကြိမ်ပေါင်းများစွာရှိခဲ့သည်။  မိမိတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများ နှင့် အခြေအနေအမျိုးမျိုးအောက်တွင်မြန်မာ့တပ်မတော်၏ ဖမ်းဆီးထားခြင်းခံနေရသော မိမိတို့ အာရက္ခစစ်သည်တော်အချို့တို့အား "သုံ့ပန်းချင်းလဲလှယ်ရန်" ထုတ်ပြန်ကြေညာချက်များထုတ်၍အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ဖူးသည်။



တစ်ပြိုင်နက်တည်းတွင် မိမိတို့ဖမ်းဆီးရမိထားသည့် မြန်မာ့တပ်မတော်သားများထဲမှ အသက်အရွယ်ကြီးရင့်နေပြီး နဂိုကျန်းမာရေးယိုယွင်းနေသောသူများ၊ နှစ်ဖက်တိုက်ပွဲများအတွင်းရရှိလာသော ပြင်းထန်ဒဏ်ရာများပိုမိုဆိုးဝါးလာနေသူများ နှင့် မိမိတို့ထံတွင်ရှိသောဆေးဝါးများဖြင့်ကုသ၍မရနိုင်သည့်ရောဂါပြင်းရှိသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် အကြိမ်ကြိမ်ပြန်လည် လွှတ်ပေးခဲ့ပြီးဖြစ်ပါသည်။



၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့သည် ရခိုင်ဒေသအတွင်း ရွေးကောက်ပွဲမကျင်းပရသေးသောမြို့နယ်များ၌ ဆက်စပ်ရွေးကောက်ပွဲ ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းပြန်လည်ကျင်းပနိုင်ရန် ဝပြည်၊ပန်ဆန်း၌ လူချင်းတွေ့၍လည်းကောင်း၊ အင်တာနက် Online ဖြင့်လည်းကောင်း ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ 



ပြောဆိုဆွေးနွေးပွဲများကြောင့် တိုးတက်မှုရလဒ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်၊ နံနက်(၉) နာရီ(၃၀) မိနစ်တွင်  မိမိတို့ဖမ်းဆီးရမိထားသောမြန်မာ့တပ်မတော်သား(၃) ဦးအား ပလက်ဝမြို့နယ်၊ အထက်ပီရွာအနီး၌ မြန်မာ့တပ်မတော်၏ တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၈) မှ ဒုရင်းမှူး ၊ ဗိုလ်မှူးကျော်မင်းမြတ် ဦးဆောင်သော လက်ခံရေးအဖွဲ့လက်ထဲသို့ ရက္ခိုင့်တပ်တော် လွှဲပြောင်းရေးအဖွဲ့မှ ကောင်းမွန်စွာလွှဲပြောင်းပေးအပ်ခဲ့ပါသည်။



အဆိုပါ ကျန်းမာရေးချို့ယွင်းနေသောသူ(၃) ဦးမှာ-


(၁) အရာခံဗိုလ် ဦးမြင့်အောင်


ကပ/၆၉၂၁၈ရ



(၂) တပ်သား နန်းဝင်းမောင်


က/၄၀၄၈၉၄



(၃) တပ်သား ဝေလင်းအောင်

က/၄၈၁၅၀၈


တို့ဖြစ်ကြပြီးတပ်မ(၇၇) လက်အောက်ခံ၊မှော်ဘီအခြေစိုက်ခမရ(၃၁၃) တပ်ရင်းမှဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၉) ရက်နေ့၌ ပလက်ဝမြို့နယ်၊ "ပကာဝရွာ"၏ အနောက်တောင်ဖက်(၃.၇) ကီလိုမီတာအကွာအဝေး(သို့မဟုတ်)ကာမချောင်း(ဒေသအခေါ် -ကာရမချောင်း) အနောက်ဖက်ရှိ တောင်တန်းပေါ်၌ (တနည်းအားဖြင့်) ပလက်ဝမြို့နယ်၊ ပုန်းညက်ဝရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သူများဖြစ်ကြသည်။ ၎င်းတိုက်ပွဲအတွင်း ခမရ(၃၁၃) မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်(၁၃) ဦးအား ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်။

ယခင်ကာလများကလည်း အဆိုပါ(၁၃) ဦးထဲမှ အသက်အရွယ်ကြီးရင့်ကာနဂိုကျန်းမာရေးအားနည်းသူနှစ်ဦးဖြစ်သော တပ်ကြပ်-ဦးမောင်ထွေး (ကိုယ်ပိုင်အမှတ်- တ/၉၂၁၅၀၄)၊ အသက်(၄၉) နှစ် နှင့် တပ်ကြပ်-ဦးဇော်ဇော်( ကိုယ်ပိုင်အမှတ်-တ/၂၆၀၀၆၂)၊ အသက်(၅၃ ) နှစ် တို့အား လူသားချင်းစာနာထောက်ထားသောအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၈) ရက်နေ့၌ ပလက်ဝမြို့နယ်၊ ကင်းတလင်းရွာ၌ ကောင်းမွန်စွာပြန်လည်လွှတ်ပေးခဲ့ဖူးသည်။

မိမိတို့အနေဖြင့် ယနေ့တွင်  ကျန်းမာရေးယိုယွင်းနေသောမြန်မာ့တပ်မတော်သား(၁၀) ဦးခန့်အား ပြန်လည်လွှတ်ပေးရန် ဆန္ဒရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ စီစဉ်ရန်ရက်နည်းခြင်း တို့ကြောင့် (၃) ဦးကိုသာပြန်လည်လွှတ်ပေးနိုင်ခဲ့သည်။

ထို့အတူ တောင်ကုတ် NLD အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့် နှင့် ဒေါ်ချစ်ချစ်ချောတို့(၃) ဦးအား ULA/AA မှလိုအပ်သောစစ်ဆေးမှုများပြုလုပ်ပြီးနောက် မြန်မာ့တပ်မတော်၏ ဗိုလ်မှူးချုပ် စိုးတင့် ဦးဆောင်သော လက်ခံရေးအဖွဲ့ထံသို့ကောင်းမွန်စွာ လွှဲပြောင်းပေးအပ်ခဲ့သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် အမှတ်(၁/၂၀၂၁) အားထုတ်ပြန်ပြီး မိမိတို့အဖွဲ့အစည်း နှင့် ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏သဘောထားကို ယနေ့ထုတ်ပြန်၍ အသိပေးခဲ့ပြီးဖြစ်ပါသည်။နှစ်ဖက်အပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နေစဉ်ကာလအတွင်း လက်ရှိရရှိထားသောတည်ငြိမ်မှုကို ထိန်းသိမ်းပြီး ဆက်လက်တိုးတက်ကောင်းမွန်သောအရွေ့နှင့်အတူ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်လိမ့်မည်ဟုရှုမြင်ယုံကြည်သည် ။

သတင်းနှင့်ပြန်ကြားရေး


ရက္ခိုင့်တပ်တော်

https://www.arakanarmy.net/post/%E1%80%99%E1%80%94-%E1%80%99-%E1%80%85%E1%80%85-%E1%80%9E-%E1%80%99-%E1%80%91-%E1%80%99-%E1%80%80-%E1%80%94-%E1%80%99-%E1%80%9B-%E1%80%81-%E1%82%95%E1%80%9A-%E1%80%84-%E1%80%9E-%E1%81%83%E1%80%A6-%E1%80%A1-%E1%80%95%E1%80%94-%E1%80%9C%E1%80%8A-%E1%80%9C-%E1%80%90-%E1%80%95-%E1%80%9C-%E1%80%80-%E1%81%BF%E1%80%95-%E1%80%96%E1%80%85-%E1%81%BE%E1%80%80-%E1%80%84-%E1%80%9E%E1%80%90%E1%80%84-%E1%80%91-%E1%80%90-%E1%80%95%E1%80%94-%E1%80%81-%E1%80%80

No comments:

Post a Comment