Thursday, December 31, 2020

တပ်မတော်မှ အပစ်အခတ်ရပ်စဲရေး တစ်လထပ်မံတိုးမြင့်သည့်အထဲတွင်ရခိုင်ဒေသမပါဝင်

 တပ်မတော်မှ အပစ်အခတ်ရပ်စဲရေး တစ်လထပ်မံတိုးမြင့်သည့်အထဲတွင်ရခိုင်ဒေသမပါဝင်

အိမ်စိုးဖြူ

နိရဉ္စရာ၊ ဇန်နဝါရီ၁/ ၂ဝ၂၁

လာမည့် ၂ဝ၂၁ ခုနစ်အတွက် တပ်မတော်မှ အပစ်အခတ်ရပ်စဲရေး တစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်အရ ကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှ အပ ကျန်နေရာများတွင် ၂ဝ၂၁ ခုနစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံတိုးမြှင့်လိုက်သည်ဟု ဖော်ပြသည်။

ထုတ်ပြန်ချက်ထဲတွင် ပြည်သူလူထုများ လိုလားတောင့်တသော ထာဝရ ငြိမ်းချမ်းရေး အောင်မြင် ပြီးမြောက်သည်အထိ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရေး Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်အနေဖြင့် စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုများကို နိုင်ငံတော်မှ အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ် ကြေညာထားသော အကြမ်းဖက် အဖွဲ့များ ရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ရက်အထိ တိုးမြှင့် ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၎င်းအပြင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

သို့ဖြစ်၍ ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ငြိမ်းချမ်းရေး ရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ကမ္ဘာတဝှမ်းရင်ဆိုင်လျက်ရှိသော Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲပအစည်းများ ရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂ဝ၂၁ ခုနစ်၊ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော် အနေဖြင့်စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် (AA) အား ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) အား ယနေ့အချိန်ထိ အကြမ်းဖက်အဖွဲ့အဖြစ်မှ မရုတ်သိမ်းသေးသဖြင့် ၎င်း အပစ်ရပ်စဲရေးမှာ ရခိုင်ပြည်နယ်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူများက ပြောဆိုသည်။


အိမျစိုးဖွူ

နိရဉ်စရာ၊ ဇနျနဝါရီ၁/ ၂ဝ၂ဝ








https://www.facebook.com/narinjara.info/posts/3922659907746057

No comments:

Post a Comment