Friday, December 25, 2020

အမ်းမြို့နယ်တွင် ဆွံ့အနေသူ အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

 အမ်းမြို့နယ်တွင် ဆွံ့အနေသူ အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၆ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အသက် (၁၆) နှစ်အရွယ် ဆွံ့အနေသူ အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် ခံခဲ့ရသည်ဟု သတင်းရရှိသည်။

၎င်းအမျိုးသမီးငယ်မှာ ဈေးတောင်ရပ်ကွက် ၊ အမှတ်(၄)မှ အသက် (၁၆) နှစ်အရွယ် ချင်းအမျိုးသမီးငယ်တစ်ဦး ဖြစ်ပြီး မူးယစ်ရမ်းကားနေသည့် အမျိုးသားနှစ်ဦးမှ  ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက အဓမ္မပြုကျင့်ခဲ့သည်ဟု အဓမ္မပြုကျင့်ခံရသော အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ အဲဒီနေ့က ၇ နာရီလောက်မှာ သူတို့ ညီအစ်မသုံးယောက်က အနီးအနားကအိမ်ကို တီဗွီကြည့်ဖို့ သွားကြတယ်။ သူက ၈ နာရီလောက်မှာ တစ်ယောက်တည်း အိမ်ပြန်လာတယ်။ သူ့ညီမနှစ်ယောက်က တီဗွီကြည့်ကျန်ခဲ့တယ်။ အဲဒီမှာ အပြန်လမ်းမှာ သူတို့နှစ်ယောက်က ပါးစပ်ပိတ်ပြီးတော့ ဖမ်းခေါ်သွားတာ။ သူတို့က ချောင်းနားကို ခေါ်သွားတာ” ဟု ပြောသည်။

သူမအား ခေါ်ဆောင်သွားပြီးနောက် ချောင်းကမ်းနားတွင် လူငိုသံများကြားသဖြင့် အဓမ္မပြုကျင့်ခံသူ အမျိုးသမီးငယ်၏ မိဘများက စိုးရိမ်ကြောင့်ကြပြီး သူတို့၏ သမီးများအား လိုက်လံရှာဖွေခဲ့ကြရာ တီဗွီကြည့်ရန်သွားသော သမီးသုံးဦးအနက် နှစ်ဦးကိုသာ တွေ့ရှိရကြောင်း မိခင်ဖြစ်သူက ဆက်ပြောသည်။

“ လူငိုသံကြားတော့ ကျမက အိမ်ကအမျိုးသားကို သမီးတွေကို လိုက်ရှာဖို့ခိုင်းတယ်။ သမီးလေး နှစ်ယောက်ကို တွေ့တယ်။ သမီးကြီးကို မတွေ့ဘူး။ သူတို့ တီဗွီကြည့်နေတဲ့ အိမ်တွင်းမှာလည်း လိုက်ရှာပါသေးတယ်။ မတွေ့ဘူး။ အဲဒီမှာမတွေ့တော့ ကျမရဲ့ အမျိုးသားနဲ့ ကျမရဲ့ သမက်က ချောင်းနားကို သွားပြီးကြည့်တဲ့ အခါမှာတော့ သမီးရဲ့ ဖိနပ်တစ်ဖက်နဲ့ သူ့အင်္ကျီကိုတွေ့တယ်။ သူတို့က ကျမရဲ့ အမျိုးသားကိုလည်း ရန်တွေ့တယ်။ ကျမယောကျာ်းက အိမ်ကိုပြန်လာပြီး ရာအိမ်မှူးကို အကြောင်းကြားတယ်။ ရာအိမ်မှူးက တဆင့် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ အုပ်ချုပ်ရေးမှူးက ရဲစခန်းကိုဖုန်းဆက်တယ်။ ရဲသားတွေက လာရောက် ဖမ်းကြတဲ့အချိန်မှာ တစ်ယောက်ကိုတော့ဖမ်းမိလိုက်တယ်။ နောက်တစ်ယောက်က ထွက်ပြေး သွားတယ်” ဟု ပြောသည်။

အဓမ္မပြုကျင့်ခံရသော အမျိုးသမီးငယ်သည် ဦးနှောက်ပြည့်မီသူ တစ်ဦးမဟုတ်သည့်အပြင် ပုံမှန် လူတစ်ဦး ကဲ့သို့လည်း စကားပြောဆိုနိုင်ခြင်းမရှိကြောင်းနှင့် ကျူးလွန်သူနှစ်ဦးအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း မိခင်ဖြစ်သူက ဆက်ပြောသည်။

အဆိုပါအမျိုးသမီးငယ်အား အဓမ္မပြုကျင့်သူနှစ်ဦးမှာ မြောက်ဖက်အုပ်စု ကမ်းဒိတ်ကျေးရွာမှ ရခိုင်အမျိုးသား တစ်ဦးနှင့် ချင်းအမျိုးသား တစ်ဦးတို့ဖြစ်ကြပြီး ယင်းအထဲမှ ရခိုင်အမျိုးသားအား အခင်းဖြစ်သည့်နေရာတွင်ပင် ဖမ်းဆီးရမိခဲ့ပြီး ချင်းလူမျိုးမှာ ယနေ့ချိန်အထိ ထွက်ပြေးတိမ်ရှောင်နေကြောင်း ဈေးတောင်ရက်ကွက် အမှတ် (၄) အုပ်ချုပ်ရေးမှူး ဦးဘုန်းကျော်က ပြောသည်။

ဦးဘုန်းကျော်က “ကျူးလွန်သူတွေကတော့ တစ်ယောက်ကချင်း၊ တစ်ယောက်က ရခိုင်။ အဲဒီနေ့က ဖမ်းမိတဲ့သူကတော့ ရခိုင်ပါ” ဟုပြောသည်။

အမ်းမြို့၊ ဈေးတောင်ရပ်ကွက် အမှတ် (၄) နှင့် ကမ်းဒိတ်ကျေးရွာသည် အမ်းချောင်းတစ်ဖက်တစ်ကမ်းတွင် တည်ရှိကြောင်း ဦးဘုန်းကျော်က ဆက်ပြောသည်။

ကျူးလွန်သူနှစ်ဦးမှာ အသက် (၂ဝ) ကျော်အရွယ်များဖြစ်ကြသည့် ကိုမောင်သောင်းဖေနှင့် ကိုသက်ပြင်းတို့ ဖြစ်ကြပြီး အခင်းဖြစ်သည့်နေက ဖမ်းဆီးရမိသူမှာ ကိုသက်ပြင်းဖြစ်ကြောင်း သဇင်ဥပဒေ အထောက်အကူပြု အဖွဲ့မှ အထက်တန်းရှေ့နေ ကိုကျော်ဆန်းနိုင်က ပြောသည်။

“ တစ်ယောက်ကတော့ ဖမ်းမိတယ်။ သူက စခန်းမှာ ဘယ်လိုမျိုးထွက်ဆိုထားတယ်ဆိုတာကိုတော့ ကျနော်တို့မသိနိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ တရားခံကို စစ်ဆေးမေးမြန်းတဲ့အချိန်မှာ ကျနော်တို့က ဝင်လို့မရဘူး။ အဲဒါကြောင့် သူတို့ ဘယ်လိုမျိုး ထွက်ဆိုထားတယ်ဆိုတာကိုတော့ ကျနော်တို့အနေနဲ့ ပြောဖို့ခက်တယ်။ နစ်နာတဲ့ အမျိုးသမီးငယ် မိသားစုဝင် တွေကတော့ အမှုကို ကျနော်တို့ သဇင်ဥပဒေ အထောက်အကူပြုကိုတော့ အပ်ထားပါတယ်” ဟုပြောသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ အမ်းမြို့မရဲစခန်းမှ စခန်းမှူးထံသို့ နိရဉ္စရာသတင်းဌာနမှ ဖုန်းဆက်သွယ်ခဲ့သော်လည်း စခန်းမှူးက မအားသဖြင့် ဖြေကြားခြင်းမရှိခဲ့ပါ။

-------------------------------

Unicode -



နိရဉ်စရာ၊ ဒီဇငျဘာ ၂၆ /၂ဝ၂ဝ













https://burmese.narinjara.com/.../5fe6a3733f8935047dbb7974


https://www.facebook.com/narinjara.info/posts/3905823569429691

No comments:

Post a Comment