ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာနှင့် အခြားထောက်ပံ့မှု စုစုပေါင်း ကျပ် ခြောက်ဘီလျံနီးပါး ထောက်ပ့ံပြီးဖြစ်

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာနှင့် အခြားထောက်ပံမှု စုစုပေါင်း ကျပ် ခြောက်ဘီလျံနီးပါး ထောက်ပံ့ထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၂၉ ရက်က ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို Virtual Meeting ဖြင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆန် ရိက္ခာ ထောက်ပံ့ရာ၌ ပြည်နယ်အစိုးရက လူအင်အားစိစစ်၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသို့ အကြောင်းကြားမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးလျှင် တစ်ရက် ဆန်နှစ်ဘူး နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဘေး သင့်သူများအား ဆန်ရိက္ခာ ထောက်ပံ့မှုကို ယေဘူယျအားဖြင့် တစ်ပတ်အထိ ခွင့်ပြု ချက်မလိုဘဲ ထောက်ပံ့ပေးရန် ညွှန်ကြား ချက်ရှိသော်လည်း ရခိုင်ပြည်နယ်အတွက်မူ တိုက်ပွဲရှောင်အသစ်များ ထပ်တိုးရောက် ရှိပါက နှစ်ပတ်စာအထိ ခွင့်ပြုချက်မလိုဘဲ အချိန်မီ ချက်ချင်းထောက်ပံ့ရန် ခွင့်ပြုပေး ထားပြီးဖြစ်ကြောင်း၊ တိုက်ပွဲရှောင်စခန်းများ အနေဖြင့် ကာလရှည် နေထိုင်သည်များရှိ သကဲ့သို့ အဝင်အထွက်များမှာလည်း များ ပြားသဖြင့် စာရင်းကောက် ယူရန်အခက်အခဲ ရှိသည်ကို နားလည်ပါကြောင်း၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက လူအင်အားစိစစ်ပြီး ဆန်ရိက္ခာ (၁)လစာထောက်ပံ့ပေးရန် ညှိနှိုင်းအကြောင်း ကြားလာချိန်၌ ရုံးလုပ်ထုံးလုပ်နည်းများ နှင့်အညီ ခွင့်ပြုချက်ရယူစေပြီး ထောက်ပံ့ ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ပြည်နယ်အစိုးရက စိစစ်တောင်း ခံမှုတိုင်းအတွက် တိုက်ပွဲရှောင်များအား ထောက်ပံ့ပေးနေသော်လည်း အချို့မီဒီယာများက တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ထောက်ပံ့မှုများ မရရှိကြောင်း၊ ဆန်ရိက္ခာ အခက်အခဲရှိကြောင်း သတင်းထုတ်လွှင့်မှုများလည်းရှိနေကြောင်း၊ သို့ပါ၍ ပြည် ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ တိုက်ပွဲရှောင်များအရေး အလေးထား ဆောင်ရွက်နေမှုများအား ပွင့်လင်းမြင်သာစွာ ရှင်းလင်း အသိပေးရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပံ့ပိုးမှုလုပ်ငန်းတွင် ရင်ဆိုင်ဖြေရှင်း နေရသည့် စိန်ခေါ်မှုများကိုလည်း ညှိနှိုင်းအ ဖြေရှာဖြေရှင်းခြင်း၊ အသိပေးခြင်းတို့ဖြင့် မိမိ တို့အစိုးရ၏ အလေးထားဆောင်ရွက်မှုများ အား တိုက်ပွဲရှောင်တို့ သိရှိစေရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တိုက်ပွဲရှောင် စုရပ်များတွင် ဆန်ရိက္ခာပြတ်လပ်မှု မရှိစေရေး ပြည်နယ်အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းကောက်ယူမှုနှင့် သွားရောက်ထောက်ပံ့မှုတို့တွင် လုံခြုံရေး ကန့်သတ်ချက်အပြင် တိုက်ပွဲရှောင် အဝင်အထွက်များခြင်းကြောင့် စာရင်းကောက်ယူမှု အခက်အခဲရှိခြင်း၊ ဒေသအခြေအနေအပေါ် မူတည်၍ ယာယီခိုလှုံရာနေရာများတွင် တိုက်ပွဲရှောင်များ အဝင်၊ အထွက် မတည်ငြိမ်မှုများကြောင့် ဆန်ဝေချိန်၌ မရှိသူများ နားလည်မှုလွဲခြင်းတို့ကိုလည်း တွေ့ရှိရကြောင်း၊ အချို့သောစုရပ်များတွင် ဆက်နွှယ် ဌာနဆိုင်ရာများနှင့် ပူးပေါင်းစိစစ်ရခြင်းမျိုးလည်း ရှိကြောင်း၊ ဆက်လက်၍လည်း ဆန်ရိက္ခာထောက်ပံ့မှုကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မီဒီယာအချို့တွင် ဖော်ပြနေသည့် သတင်းများနှင့် မြေပြင်အခြေအနေ လွဲမှားနေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
No comments:
Post a Comment