AA အဖွဲ့က ဖမ်းဆီးထားသည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး နှစ်လကျော်အကြာတွင် ပြန်လည်လွတ်မြောက်
AA အဖွဲ့က ဖမ်းဆီးထားသည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး နှစ်လကျော်အကြာတွင် ပြန်လည်လွတ်မြောက်လာကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
“အခုတပ်မတော်က ပြန်ခေါ်လာပြီလို့ သိရတယ်။ တပ်မတော် လေယာဉ်နဲ့ စစ်တွေကို လာနေပြီဆိုတာ သိရတယ်။ စစ်တွေကိုတော့ မရောက်သေးဘူး။ ကျွန်တော်တို့လည်း သွားကြိုနေပါပြီ” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဇန်နဝါရီ ၁ ရက် ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြောကြားသည်။
ပြန်လည်လွတ်မြောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး၏ ကျန်းမာရေးမှာ လတ်တလော ကောင်းမွန်သည်ဟု ကြားသိရပြီး အသေးစိတ်အား ၄င်းတို့နှင့် တွေ့ဆုံမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဦးမင်းအောင်၊ ဒေါ်နီနီမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ မီးကျောင်းတက်ကျေးရွာတွင် ယနေ့ နေ့လည်ပိုင်းက ၂ နာရီမှာ လွဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုင်းဗဟို ၉ မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။
"မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာမှာ လာပြီးအပ်တယ်လို့ပြောတယ်။ အဲဒီမှာ တိုင်းဗဟိုကိုးက ကျောင်းအုပ်ကြီးက လက်ခံတယ်။ သူတို့ကိုကားနဲ့ ခေါ်သွားပြီလို့ ကျေးရွာသား တွေက ပြောပါတယ်"ဟုလည်း မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။
အလားတူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် တပ်မတော်သားများဖြစ်သည့် အရာခံဗိုလ် ဦးမြင့်အောင်၊ တပ်သားနန်းဝင်းမောင်၊ တပ်သားဝေလင်းအောင်တို့ကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်အပါအဝင် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို AA အဖွဲ့က အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခန့်တွင် တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
တောင်ကုတ်မြို့နယ်တွင် ယခုနှစ်မေလအတွင်းကလည်း AA အဖွဲ့က NLD ပါတီ ဘူးရွှေမော်ရပ်ကျေး ဥက္ကဋ္ဌတစ်ဦးကို ဖုန်းဖြင့် ခြိမ်းခြောက်ခဲ့ပြီး ဖမ်းဆီးရန်ကြိုးပမ်းမှုများရှိသဖြင့် တိမ်းရှောင်ခဲ့ရမှုများ ရှိခဲ့သည့်အပြင် ၎င်းနှင့်အတူ ရပ်ရွာကိစ္စရပ်များဆောင်ရွက်သည့် NLD ပါတီဝင်မဟုတ်သော ယင်းကျေးရွာ၏ COVID-19 ရောဂါကာကွယ် စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌသည် AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရသည်။
ထို့အတူ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းကလည်း ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းသည် AA အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရပြီး နောက်ပိုင်းတွင် ထိန်းသိမ်းထားစဉ် သေဆုံးခဲ့သည်။
https://news-eleven.com/article/201165
No comments:
Post a Comment