Tuesday, November 24, 2020

အပစ်ရပ် လက်မှတ်ထိုး လက်နက်ကိုင်များ၏ PPST အစည်းအဝေးကျင်းပ

 တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေး (PPST) ကို အွန်လိုင်းမှတစ်ဆင့် နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ကျင်းပခဲ့ကြောင်း အဆိုပါအဖွဲ့များ ထံမှသိရသည်။


အဆိုပါ PPST အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ထားပြီး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံကိုလည်း ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် လျာထားကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

လက်ရှိ ကျင်းပနေသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လက်နက်ကိုင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဦးဆောင်၍ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပပြီးနောက် ပြန်လည်ကျင်းပသည့် အစည်းအဝေးဖြစ်သည့်အတွက် လက်ရှိအစည်းအဝေးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရေး အရေးကြီး ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အခြေခံ၍လာမည့် အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချမှတ်ရမည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအခြေအနေများ၊ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးအခင်းအကျင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များနှင့် အခြားအရေးကြီးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရအနေနှင့်လည်း အပစ်ရပ်လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များနှင့်လာမည့် ဒီဇင်ဘာလထဲတွင် အလွတ်သဘောဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

ထို့ပြင် ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျသွားပါက လက်မှတ်မထိုးထားသည့် အဖွဲ့များနှင့်လည်း ဒီဇင်ဘာလအတွင်း ပြန်လည်တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းကပြောကြားထားသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားသည်။
http://thevoicemyanmar.com/news/44679-pyt

No comments:

Post a Comment