Tuesday, November 3, 2020

ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် ကိုယ့်အလုပ် ကိုယ်လုပ်ခြင်းက နိုင်ငံအတွက် ပိုကောင်းမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်ပြောကြား

 ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် ကိုယ့်အလုပ် ကိုယ်လုပ်ခြင်းက နိုင်ငံအတွက် ပိုကောင်းမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်ပြောကြား

PUBLISHED 3 NOVEMBER 2020

ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် သံသယဖြစ်ကြောင်းနှင့် ကော်မရှင်၏ လုပ်ရပ်များကို ကြီးကြပ်ရန် အစိုးရတွင်  တာဝန်ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းက နိုင်ငံအတွက် ပိုကောင်းမည်ဟုNLD ပါတီပြောရေးဆိုခွင့် ရှိသူဒေါက်တာမျိုးညွန့်က တုံ့ပြန်ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလ ဖြစ်ပေါ်နေသည့် အခြေအနေနှင့်ပတ်သက်၍ နိုဝင်ဘာ ၂ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ကြောင်း Myanmar Times သတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ သိရသည်။

“ကျွန်တော်တို့ နိုင်ငံရေးမှာ ဒါကအဓိက ပါပဲခင်ဗျ။ ကိုယ့်အလုပ်ကိုကိုယ်လုပ် ကြရင် နိုင်ငံရေးဟာ ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ အဲဒီလိုမဟုတ်လို့ ဒီနိုင်ငံမှာ ပြဿနာပေါင်းစုံရှင်းလို့မရနိုင်ဘဲ ဖြစ်နေတာပါ” ဟု ဒေါက် တာမျိုးညွန့်က Myanmar Times သတင်းဌာနသို့ ပြောကြားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဒေါက်တာမျိုးညွန့်ကို The Daily Eleven သတင်းစာက နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသဖြင့် သီးခြားမေးမြန်း နိုင်ခဲ့ခြင်းမရှိပေ။

မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ လွတ်လပ်၍ သမာသမတ်ကျ ရေးသည် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည့်အပြင် အပြန်အလှန် တာဝန်ခံရသော ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်မတော်၏ ပြောဆိုချက်ကို NLD ပါတီအနေဖြင့် သဘောမတူကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော ကော်မရှင်တစ်ခုဖြစ်ပြီး ရွေး ကောက်ပွဲဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိပါက ကော်မရှင်ကိုစုံစမ်းစစ်ဆေးမှု လုပ်နိုင်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်ဟု  Myanmar Times  တွင် ဖော်ပြသည်။

“အခုလောလောဆယ်မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ကျွန်တော်တို့ အမြင်မှာတော့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်” ဟု ဒေါက်တာမျိုး ညွန့်က ပြောကြားသည်။

လက်ရှိတွင် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နှောင့်ယှက် ဖျက်ဆီးမှုမျိုးစုံ ကြုံတွေ့နေရပြီး ရွေးကောက်ပွဲလမ်းချော်ရန် ကြိုးပမ်းမှုများရှိနေ ကြောင်း၊ ယင်းအတွက် ရွေးကောက်ပွဲကော်မ ရှင် တစ်ခုတည်းတွင် တာဝန်ရှိခြင်း မဟုတ်ဘဲ အဖျက်အမှောင့် ပယောဂများဖန်တီးသူအားလုံး တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

တပ်မတော် ထုတ်ပြန်ချက်အပေါ် ပြင်း ထန်သည်ဟုမမြင်သော်လည်း စိုးရိမ်ထိုက်သည့်ကိစ္စဟု မြင်ကြောင်း၊ သို့သော် အားနည်းချက်များကို အစိုးရအင်စတီကျူးရှင်း အချင်းချင်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ရွေး ကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင် ဒါရိုက်တာဦးစိုင်းရဲကျော်စွာမြင့်က The Daily Eleven သတင်းစာကို ပြောကြားသည်။

“နိုင်ငံရဲ့ အင်စတီကျူးရှင်းတစ်ခုဖြစ်တဲ့ တပ်မတော်နဲ့ နောက်ထပ် အင်စတီကျူးရှင်း တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင် ကြားထဲမှာ အဲဒီလိုဖြစ်မယ့် အစားဘယ်လို Coordination လုပ်မလဲဆိုတဲ့ Mechanism ရှာဖို့ ကောင်းတာပေါ့။ အခုအဲဒီလိုဖြစ်တာ ဘယ်သူမှန်တယ်၊ ဘယ်သူ အားနည်းချက်ရှိတာ ထက်စာရင် ဒါဟာ နိုင်ငံရေးအတွက်မကောင်းတဲ့ ကိစ္စလို့ မြင်တယ်0 ဟု ဦးစိုင်းရဲကျော်စွာမြင့်က  ပြောကြားသည်။

https://news-eleven.com/article/196976

No comments:

Post a Comment