Tuesday, November 3, 2020

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်အနီးတစ်ဝိုက် ပေါက်ကွဲမှုကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆက်လက် စုံစမ်းရှာဖွေနေ

 တောင်ကြီးမြို့၊ သစ်တောရပ်ကွက်အနီးတစ်ဝိုက် ပေါက်ကွဲမှုကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆက်လက် စုံစမ်းရှာဖွေနေ

PUBLISHED 3 NOVEMBER 2020
 
 စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက် အနီးတစ်ဝိုက်တွင် နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်နေရာကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆက်လက်စုံစမ်း ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

“မနေ့ညတုန်းက ပြောထားတယ်။ ရဲမှူးချုပ်ကိုတော့ ညွှန်ကြားထားတယ်။ မနေ့ညကနေ ဒီနေ့အထိတော့ Report တော့ မတက်သေးဘူး။ ဆရာ့ဆီလည်း မတင်သေးဘူး၊ ဆရာစောင့်နေတယ်။ သိရင်တော့ ဖြေပေးမယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဆိုသည်။

“လောလောဆယ်တော့ မထူးသေးဘူး။ စုဖွဲ့ပြီးတော့ သံသယဖြစ်ဖွယ် နေရာလေးကို အထောက်အထားလေးများ ရမလားလို့ စုဖွဲ့ရှာဖွေနေပါတယ်။ လက်ရှိတော့ မထူးသေးပါဘူး။ စုံစမ်းနေတုန်းပါပဲ၊ တောထဲနင်းပြီး ရှာဖွေနေတုန်းပဲ သိတာနဲ့ ပြန်ပြောပေးပါ့မယ်” ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဌေးဦးက ဆိုသည်။

နိုဝင်ဘာ ၃ ရက် နံနက်ပိုင်း ၇ နာရီအချိန်မှ စတင်၍ အင်အားစုဖွဲ့၍ တောနင်းရှာဖွေမှု ဆက်လက်ပြုလုပ်ခဲ့ပြီး၊ တောင်ချွန်းတောင်ပေါ်နှင့် တောင်းကမ်းပါးယံတစ်ဝိုက်ကို Drone ကင်မရာဖြင့် ထောက်လှမ်းစုံစမ်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ခြေအနီးတစ်ဝိုက်တွင်၊ နိုဝင်ဘာလ(၂) ရက် ညပိုင်း (၆) နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ပြင်းထန်သော ပေါက်ကွဲမှုနှစ်ကြိမ် ပေါက်ကွဲသံကြားခဲ့သဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ စုဖွဲ့၍ အင်အားတစ်ရာကျော်ခန့်တို့သည် ညတွင်းချင်း လမ်းကြောင်းသုံးကြောင်းခွဲ၍ တောင်ချွန်းပေါ်တက်၍ ဖြစ်စဉ်အတည်ပြုနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မူးယစ်တပ်ဖွဲ့ခွဲတပ်ဖွဲ့ခွဲမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများပါဝင်သော လုံခြုံရေး ပူးပေါင်းတပ်ဖွဲ့ဝင်များတို့သည် အဖွဲ့သုံးဖွဲ့ခွဲ၍ ရွှေမုဠောစောင်းတန်းမှ မီးတားလမ်းအတိုင်း တောင်ခြေအတိုင်း တစ်ဖွဲ့၊ မြို့တောင်ဘက်လမ်းအတိုင်း တောင်ချွန်းပေါ် တစ်ဖွဲ့၊ မြစိမ်းတောင်လမ်းအတိုင်း မြောက်ဘက်ခြမ်း တစ်ဖွဲ့ အဖွဲ့များခွဲ၍ ဖြစ်စဉ်နေရာကို အတည်ပြုနိုင်ရန် စုံစမ်းခဲ့ရာ၊ ညပိုင်း ၁၁ နာရီအချိန်ထိ ထူးခြားမှု မရှိသေးကြောင်း၊ နောက်တစ်နေ့တွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ထံမှ သိရသည်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ခြေအနီး၊ ရဲဝန်ထမ်းအိမ်ယာ အနောက်ဘက်တွင် ညပိုင်း ၇ နာရီခန့်အချိန်တွင် ပေါက်ကွဲသံနှစ်သံ ဆက်တိုက်ကြားရပြီး၊ တစ်ချက်နှင့် တစ်ချက် ငါးစက္ကန့်ခြားကြောင်း၊ မီးခိုးလုံးများ တက်သွားသည်ကို မြင်ရကြောင်း၊ အိမ်ခေါင်မိုးပေါ်သို့ အမှုန်များကျဆင်းလာသည်ကိုလည်း တွေ့ရကြောင်း ရဲဝန်ထမ်းအိမ်ယာရှိ နေအိမ်များတွင် နေထိုင်ကြသူများက ဆိုသည်။

ထို့ပြင် အဆိုပါ ပေါက်ကွဲမှုသည် မည်သည့်နေရာတွင် ဖြစ်ပွားသည်ကို မသိရသေးဘဲ စုံစမ်းနေကြောင်း၊ ထိခိုက်သူလည်း မရှိပါကြောင်း၊ ဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်ပြုနိုင်ရန် ညတွင်းချင်း စုံစမ်းနေပြီး သိရှိသည်နှင့်တစ်ပြိုင်နက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှတဆင့် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက ဆိုသည်။

တောင်ပေါ်တက်သွားခဲ့သော အဖွဲ့တစ်ဖွဲ့သည် ပြန်လည်ရောက်ရှိလာချိန်သိရသည်မှာ တောင်ပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားမှုမရှိဘဲ၊ တောင်အောက်ခြေ လမ်းခုလတ်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ခန့်မှန်းရပါကြောင်း၊ နောက်တစ်နေ့ မနက်ပိုင်းတွင် အသေးစိတ် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ကျန်အဖွဲ့နှစ်ဖွဲ့သည် ရွှေဘုန်းပွင့်တောင်ပေါ်သို့ ဆက်လက်တက်သွားခဲ့ပြီး၊ ဖြစ်စဉ်အသေးစိတ်ကို အတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ညပိုင်း ၁၁ နာရီအချိန်တွင် သိရသည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၄) ရက် ညပိုင်းအချိန်တွင်လည်း ကမ္ဘောဇဘဏ်အနီးအနား၊ - ကုန်စုံဆိုင်ရှေ့တွင် ဗုံးတစ်လုံးပေါက်ကွဲခြင်းကြောင့် ကားတစ်စီးပျက်စီးမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

https://news-eleven.com/article/196957

No comments:

Post a Comment