အထွေထွေရွေးကောက်ပွဲကျင်းပရန် ၅ ရက်အလိုတွင် တပ်မတော်သည် NLD အစိုးရလက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သိသာသည့် အောင်မြင်မှု မရှိခဲ့ကြောင်း တပ်မတော်က နိုဝင်ဘာ ၂ ရက်ညပိုင်းက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်း ဝေဖန်ခဲ့သည်။
ရွေးကောက်ပွဲနီးချိန် ကပ်လျက် ထုတ်ပြန်လိုက်သော တပ်မတော်၏ ထုတ်ပြန်ချက်တွင် လက်ရှိအစိုးရလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၂)ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)ဟု အမည်ပြောင်းလဲ ကျင်းပနိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားသော အောင်မြင်မှုများရရှိခြင်း မရှိသေးသည်ကို တွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ငြိမ်းချမ်းရေး မအောာင်မြင်မှုအတွက် အစိုးရတစ်ဖွဲ့တည်းတွင် တာဝန်မရှိဘဲ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင်လည်း တာဝန်ရှိသူဟု တုန့်ပြန်သည်။
“ငြိမ်းချမ်းရေးဆိုတာ အစိုးရတစ်ဖွဲ့တည်းလုပ်လို့ရတာ မဟုတ်ပါဘူးခင်ဗျ။ တပ်မတော်ရယ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ တွေရယ် အစိုးရရယ် ပူးပေါင်းပြီးလုပ်ရတာပါ။တိုးတက်မှုမရှိဘူးဆိုရင် ဒီအဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ကတော့ တစ်ခါထက်တစ်ခါ ပိုပြီးကောင်းမွန်အောင် ကြိုးစားနေတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ လာမယ့် ၅ နှစ်မှာ ပိုပြီးသိသာထင်ရှားတဲ့ တိုးတက်မှုတွေရလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။
၂၀၂၀ တွင် ထာဝရငြိမ်းချမ်းရေး ပြည်သူ့လက်အပ်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၈ ခုနှစ်အောက်တိုဘာ ၁၅ ရက်က ပြောကြားခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စစ်မှန်သည့် ဆန္ဒကိုမပြသခဲ့ဟု တပ်မတော်က အပြစ်တင်သည်။ ထို့အပြင် မြေပြင်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက အင်အားတည်ဆောက်နေကြသည်ဟုလည်း စွပ်စွဲထားသည်။
ပြီးခဲ့သည့် လများအတွင်း တိုင်းစစ်ဌာနချုပ်များကို သွားရောက်ခဲ့သည့် ခရီးစဉ်များတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က USDP အစိုးရ နှင့် NLD အစိုးရတို့အကြား ရလဒ်များကို နှိုင်းယှဉ်ကာ တိုင်းပြည်အတွက် ပိုကောင်းအောင် လုပ်ပေးနိုင်သည့် အဖွဲ့အစည်းကို မဲပေးရန် ၎င်း၏ တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များကို တိုက်တွန်းခဲ့သည်။
အထွေထွေရွေးကောက်ပွဲတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏နှောင့်ယှက်မှုကြောင့် မြို့နယ် ၁၅ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ယင်းနေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့နှင့်မသက်ဆိုင်သည့်နေရာများတွင် ဝင်ရောက်နေရာယူခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများမပြုလုပ်ရန်နှင့် ရောက်ရှိနေပါကလည်း အမြန်ဆုံးပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း တပ်မတော်က ဆိုသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုဘဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား NCA လမ်းကြောင်းနှင့် အညီ ဆောင်ရွက်သွားနိုင်ရေး တပ်မတော်က ဖိတ်ခေါ်ကြောင်း နိုဝင်ဘာ ၂ ရက်ညပိုင်းက ထုတ်ပြန်ချက်တွင် ဖော်ပြရေးသားခဲ့သည်။
နယ်မြေကျော် လွန်လှုပ်ရှားသည်ဆိုသော တပ်မတော်၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက ငြင်းဆိုသည်။ NCA စာချုပ်ပါ တပ်နေရာချထားရေးအပိုင်းကို ဆွေးနွေးရသေးခြင်းမရှိသလို RCSS တပ်များသည် NCA စာချုပ် မချုပ်ဆိုခင်ကတည်းက လက်ရှိနေထိုင်သော ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ကိုင်းက နေရာများတွင် ရှိနေသည်ဟု ၎င်းက ဆိုသည်။
နယ်မြေအငြင်းပွားမှုကြောင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အနက် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့အစည်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဖြစ်သည်။ ၂၀၂၀ ပြည့် နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ အဓမ္မဆက်ကြေးကောက်ခံမှု ၃၂ ကြိမ်၊ လူသစ်စု ဆောင်းမှု ၁၆ ကြိမ်ပြုလုပ်ခဲ့ပြီး နယ်မြေကျော်လွန်လှုပ်ရှားလာမှုကြောင့် တပ်မတော်စစ်ကြောင်းများနှင့် ပစ်ခတ်တိုက် ခိုက်မှု ၇၂ ကြိမ်ဖြစ်ပွားခဲ့သည်။
https://myanmar.mmtimes.com/news/146031.html
No comments:
Post a Comment