Monday, November 2, 2020

ရခိုင်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်

 ပ်ရောဂါနဲ့ စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်း တချို့ပြီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလလယ်လောက်ကစ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့အတွက် အခက်အခဲကြုံနေရတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

မြေပုံမြို့နယ်က ဒုက္ခသည် ၁၀၀ ကျော်လောက်ရှိတဲ့ ကိုင်းကြီး စစ်ရှောင်စခန်းမှာ ဆိုရင်လည်း စားနပ်ရိက္ခာ အကူအညီ မရတော့တာ သီတင်းနှစ်ပတ်လောက်ရှိပြီလို့ စခန်းတာဝန်ခံ ကိုရွှေစိုးကပြောပါတယ်။

"လုံးဝအဆင်မပြေတော့ဘူး။ ရိက္ခာမရတာ လဝက်လောက်ရှိနေပြီ တကယ်ကို အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ အစားအသောက်အနေအထိုင်ကလည်း လုံးဝကို အဆင်မပြေတော့ဘူး။"

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ကစ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ အခုဆိုရင် သိန်းနဲ့ချီ ရှိနေပါပြီ။ ဒီအထဲက ဒုက္ခသည် အများစုဟာ ဆိုရင်လည်း ကိုင်းကြီးစစ်ရှောင်စခန်း အပါအဝင် ကိုယ်ထူကိုယ်ထ ယာယီတည်ဆောက်ထားတဲ့ စခန်းတွေမှာ နေထိုင်နေကြရတာပါ။မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက် ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေ အကူအညီလိုအပ်ချက်တွေ ပိုများလာနေတယ်လို့လည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"ဒုက္ခသည်စခန်းတချို့က ရိက္ခာမလုံ မလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အပြင်ထွက်ရှာဖို့ကျတော့လည်း စစ်ပွဲတွေ ရှိတယ်။ တချို့နေရာတွေမှာ မိုင်းထောင်ထားတာတွေ ရှိတယ်။ နေရပ်ကိုလည်း မပြန်နိုင်ကြဘူး။ အဲဒီလို အခြေအနေအရပ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်တွေ များလာသလောက် ရိက္ခာထောက်ပံ့မှုက အစိုးရဘက်ကတော့ နိုင်ငံတကာကပါ အားနည်းနေသလို အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကူညီတာတွေ ပြတ်တောက်လာတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ရှောင်တွေ စားဝတ်နေရေး ကြပ်တည်းလာတယ်။ COVID-19 ကြောင့် အပြင်ထွက်ပြီး ရှာဖွယ်စားသောက်ခွင့်လည်း မရနိုင်ကြဘူးဖြစ်နေတယ်။"

အစိုးရဘက်ကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်တွေနဲ့ ပတ်သတ်ပြီး ပုံမှန်ထောက်ပံ့မှုတွေ လုပ်နေပေမဲ့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခွန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။

"ကျနော်လည်း ကြားပါတယ်။ မြေပုံမြို့နယ်က စစ်ရှောင်စခန်းတချို့မှာ ဆန်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ကျနော်တို့အဓိက ထောက်ပံ့နေတဲ့ ဆန်ကိုတော့ ခရိုင်တွေမှာ ရှိတဲ့ လူဦးရေအလိုက် ထောက်ပံ့ပေးနေတယ်။ ပုံမှန်တော့ ထောက်ပံ့ပေးနေတာပဲ။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ သွားလို့မရတဲ့ နေရာတွေလည်း ရှိနေတယ်။ အခုက မိုးရာသီလည်း ကုန်တော့မယ်။ အခုလို ကာလမျိုးမှာတော့ အခက်အခဲတွေရှိတယ်။ ဆန်အဟောင်းတွေနဲ့ ဆန်အသစ်တက်တဲ့ ကာလကြားမှာ အခက်အခဲတွေရှိတယ်။ အဲဒီအပေါ်မှာလည်း ကျနော်တို့ကတော့ ကောင်းအောင်တော့ ကြိုးစားဆောင်ရွက်နေတယ်။"

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ကြုံရမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း ပြောဆိုထားကြတာပါ။ မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း ကပ်ရောဂါနဲ့ ကြံုနေရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို လိုက်နာဖို့လည်း တိုက်တွန်းထားကြပါတယ်။

https://burmese.voanews.com/a/rakhine-conflict/5644844.html

No comments:

Post a Comment