Friday, November 27, 2020

NLD အစိုးရသစ်နှင့် သင့်မြတ်ရေး ညီညွတ်ရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု PPST ဆို

NLD အစိုးရသစ်နှင့် သင့်မြတ်ရေး ညီညွတ်ရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု PPST ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်သော အနိုင်ရ အစိုးရသစ်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အမျိုးသား ညီညွတ်ရေးကို ပူးပေါင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု NCA အပစ်ရပ် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ပြောသည်။

နိုဝင်ဘာလ ၂၅ နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေး အပြီး NLD ပါတီသို့ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီ ရွေးကောက်ပွဲ မတိုင်ခင်ရော အပြီးတဲ့ အချိန်မှာရော လက်ရှိနိုင်ငံရေး ပါတီပေါ့ NLD ပေါ့ အစိုးရဖြစ်မယ့် ပါတီက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ညီညွှတ်ရေးကို သူ့မူဝါဒအဖြစ် အကောင်အထည်ဖော်မယ်လို့ ကြေညာလိုက်တဲ့ အပေါ်မှာ ကျနော်တို့က အားရဝမ်းသာဖြစ်ပြီးတော့ လက် တွေ့ ဖြစ် လာဖို့အတွက် ပူးပေါင်းဆောင်ရွက် ရမှာပေါ့” ဟု ပြောသည်။

PPST က NLD ပါတီထံ ပေးပို့သည့် သဝဏ်လွှာထဲတွင် ရွေးကောက်ပွဲတွင် NLD ပါတီက “သောင်ပြိုကမ်းပြို” အနိုင်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် မိမိတို့ PPST အနေဖြင့်လည်း ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက် ရေးအတွက် မကြာခင်ကာလတွင် ဖွဲ့စည်းမည့် အစိုးရနှင့်အတူ နိုင်ငံရေး ကတိကဝတ်ခိုင်မာစွာဖြင့် ကြိုပမ်းဆောင်ရွက်သွားမည်ဖြစ်သည် ဟု ဆိုသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လက်တွေ့ဖြစ်ရေးကတော့ သူတို့ကြီးပဲ အားကိုးလို့မရဘူး။ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်မှပဲ လက်တွေ့ဖြစ်လာမှာ။ ဒါကြောင့် ကျနော်တို့လည်း ကပ်ဖဲ့ရပ်ဖဲ့ မလုပ်ပဲနဲ့ ပူးပေါင်း ဆောင် ရွက်မယ်ဆိုရင် အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွှတ်ရေးပေါ်လစီဟာ အောင် မြင်သွားမယ်လို့ ကျနော်ယုံကြည်ပါတာပေါ့” ဟု ပြောသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် လက်ရှိ တိုင်းပြည်အတွင်းရင်ဆိုင်နေရသော နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်တို့ကို အမျိုးသား ညီညွှတ်ရေးနှင့် အမျိုးသား ပြန်လည် သင့် မြတ်ရေး စိတ်ဓာတ် အခြေခံဖြင့် ရင်ဆိုင်ဖြေရှင်းဆောင်ရွက်သွား လိမ့်မည်ဟု မျှော်လင့်မိပါသည်ဟု သ ဝဏ်လွှာထဲတွင် ထည့်သွင်းထားသည်။

အလားတူ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD အစိုးရ နှင့် တန်းတူညီမျှစွာ ညှိနှိုင်းမှုမှတစ်ဆင့် အမျိုးသားရင် ကြားစေ့ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်း လုပ်ဆောင်သွား မည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါဝင်သည်။

PPST ၏ အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ WLPP (Women Leadership in Peace Process) မှ လေ့လာသူများနှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၅၀ တက်ရောက်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

http://www.nmg-news.com/2020/11/27/12483 

No comments:

Post a Comment