ရခိုင်တိုက်ပွဲများ ရပ်တန့်နိုင်ခြင်းသည် ငြိမ်းချမ်းရေး အလားအလာကောင်းဟု တပ်မတော်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိအောင် ထိန်းထားနိုင်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းများကို ရရှိလာနိုင်သည် ဟု တပ်မတော် က ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသည်မှာ ရက်သတ္တပတ် ၂ ပတ်နီးပါးခန့်ရှိလာပြီဖြစ်ပြီး ထိုသို့ ဖြစ် ပွားမှုမရှိခြင်းက ငြိမ်းချမ်းရေးအတွက် ကောင်းသောအခြေအနေတွင် ရှိသည်ဟု နိုဝင်ဘာလ ၂၇ ရက်နေ့ (ယနေ့) တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဗိုလ် ချုပ်ဇော်မင်းထွန်း က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကျနော်မြင်တာကတော့ ကောင်းတဲ့ အခြေအနေလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျ နော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီလိုမျိုးပေါ့ နယ်မြေဒေသကြီး တစ်ခုလုံးကို အခုအချိန်အထိပေါ့ ဘယ်လောက်ပဲ သေနတ်သံတိတ်နေ ၁၂ ရက်နေ့က စတယ်ပဲ ပြော ပြော၊ ၈ ရက်နေ့က စတယ်ပဲပြောပြော ဒီနေ့ဆိုရင် ကျနော်တို့က ၂၀ ရက်ကျော်ပြီပေါ့။ ၂၀ ရက်ကျော်ပြီ။ စစ်မြေပြင်မှာတော့ တိုက်ပွဲမဖြစ်ပွားခြင်းကတော့ ကျနော်တို့ စစ်သားတွေအယူအဆကတော့ တိုက်ပွဲ မဖြစ်ပွားခြင်းက တစ်မိနစ် တိုက်ပွဲမဖြစ်ပွားလေ တစ်မိနစ်အကျိုးရှိလေပဲ။ ဒေသခံ ပြည်သူတွေလည်း အဲဒီ လိုပဲ ဖြစ်မှာပါ။”
ယခုကဲ့သို့ တိုက်ပွဲမဖြစ်အောင် ထိန်းထားနိုင်ခြင်းသည် နှစ်ဖက် အဖွဲ့အစည်းများ၏ လိုက်နာမှုကောင်းမွန် ခြင်းကြောင့်ဖြစ်သည် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆက်ပြောသည်။
“ဒါမျိုးအထိ ကျနော်တို့ လုပ်နိုင်တာဆိုတာသည် မရှိခဲ့ဖူးဘူး။ မရှိခဲ့ဖူးတဲ့အတွက်ကြောင့် တချို့နေရာတွေ အခုအချိန်အထိ ရနေပြီပြောတယ်။ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲထားတယ်ပြောတယ်။ ဖြစ်နေဆဲပဲ ဖြစ်တယ်။ ဒီလိုမျိုး အခြေအနေအထိ လဝက်ကျော်လောက်အထိ ဒီအချိန်တိုကို ထိန်းသိမ်း ထားနိုင်တယ် ဆိုတာသည် နည်းတဲ့ အဆင့်မဟုတ်ပါဘူး။ နှစ်ဖက် လိုက်နာဆောင်ရွက်မှု ကောင်းလို့ ဖြစ်ပါတယ်။ ဒီက နေတစ်ဆင့်ကျတော့ ကျနော်မြင်တာကတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။”
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်း ပခဲ့ခြင်း မရှိသည့် နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ကျင်းပနိုင်ရန် NLD နှင့် တပ်မတော်အား မေတ္တာရပ်ခံ တိုက်တွန်းခဲ့သည်။
ထိုတိုက်တွန်းချက်အပေါ် တပ်မတော်က ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် နေရာ များ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု တပ်မတော် က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကြေညာချက်ဖြင့် ပြန်လည်ထုတ်ပြန်ပြောဆိုခဲ့သည်။
ထိုကြေညာချက်ထဲတွင် ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အစည်းဟု ထည့်သွင်းသုံးနှုန်း ထား ခြင်း မရှိပဲ ULA/AA အဖွဲ့ဟု သာ သုံးနှုန်းထားသည်ကို တွေ့ရသည်။
၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရဲ ကင်းစခန်း ၄ ခုကို AA တပ်ဖွဲ့ များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်အချိန်နောက်ပိုင်းမှစ၍ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ခဲ့ရာ၊ ထိုသတ်မှတ်ချက်ကို ယနေ့အချိန်ထိ ပယ်ဖျက်ခြင်း မရှိသေးပေ။
နိုဝင်ဘာလ ၁၂ ရက်နေ့ က တပ်မတော်၏ ထုတ်ပြန်ချက် နောက်ပိုင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည်သာမက သွားလာရေး လမ်းကြောင်းများပါ ပိတ်ပင်ကန့်သတ်မှု လျှော့နည်းလာခဲ့ သည့် အတွက် ဒေသခံ အချို့မှာ ၎င်းတို့နေထိုင်ရာ ကျေး ရွာများသို့ ပြန်ကာ စပါးရိတ်ခြင်းများကို လုပ်ဆောင်ခဲ့ ကြသည်ဟု သိရသည်။
ထိုအနေအထားများကြောင့် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ကောင်းမွန်လာနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် ဒေသအခြေစိုက် လူမှုအသင်းအဖွဲ့များက ဆိုသည်။
http://www.nmg-news.com/2020/11/27/12487
No comments:
Post a Comment