အောက်တိုဘာအတွင်း စစ်ရှောင်း ၁ သောင်းနီးပါး တိုး၊ မြေပုံစစ်ရှောင်များ ထောက်ပံ့မှု မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ စစ်ရေးပဋိပက္ခများကြောင့် တစ်လအတွင်း စစ်ရှောင် တစ်သောင်းနီးပါးအထိ တိုးလာပြီး မြေပုံမြို့နယ်မှ စစ်ရှောင်များ အကူအညီ လိုအပ်နေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ပြောသည်။
REC ၏ အောက်တိုဘာလ ၁ ရက်နေ့ က ထုတ်ပြန်လိုက်သည့် စာရင်းအရ စစ်ရှောင်စခန်းရောက် စစ်ဘေး ဒုက္ခသည် ဦးရေ ၂၂၆၈၀၄ ဦး ရှိခဲ့ရာမှာ နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်လိုက်သည့် REC ၏ စာရင်းအရ ၂၃၆၂၂၉ ဦး ရှိပြီ ဖြစ်သည်ဟု သိရသည်။
အောက်တိုဘာလအတွင်း စစ်ဘေးရှောင်အရေအတွက် တစ်သောင်းနီးပါးအထိ ထပ်မံ တိုးလာခြင်းမှာ မြစ် ကြောင်းတစ်လျှောက်သွားလာနေသည့် တပ်မတော်ရေယာဉ်များ၏ ပစ်ခတ်မှုများ၊ ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် တပ်မတော်၏ ဝေဟင်ထိုးစစ်များကြောင့် ဖြစ်သည်ဟု REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောသည်။
“တစ်လအတွင်း တစ်သောင်းနီးပါး ကိုးထောင်ကျော်တိုးလာတယ်။ အခုက နှစ်သိန်းသုံးသောင်းလေးထောင် ကျော်သွားပြီဗျ။ ဒီရက်ပိုင်းလည်း ကျောက်ဖြူဘက်မှာ ထပ်ပြေးနေရာတွေရှိတယ်။ အဓိက အခုလိုမျိုး စစ်ရှောင် တွေ တိုးလာတယ်ဆိုတာက နှစ်ဖက်တိုက်ပွဲတွေဆိုတာထက် ဒီရသေ့တောင်မြို့နယ်၊ ပေါက်တောနဲ့ မင်းပြားမြို့ နယ်ဘက်တွေမှာတိုးတယ်။ ရသေ့တောင်မြို့နယ်ဘက်မှာဆိုရင် မေယုမြစ်ပေါ့နော်၊ ပေါက်တော ဘက်မှာဆိုရင် လေးမြို့ မြစ်ပေါ့နော် အဲ့ဒီမြစ်ကြောင်းတစ်လျှောက်မှာသွားလာနေတဲ့ ဇက်သင်္ဘောတွေကနေပြီးတော့မှ ဒေသခံ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ ထွက်ပြေးတဲ့ကိစ္စက အများဆုံးပါပဲ။ ရသေ့တောင်မှာဆိုရင် လေယာဉ်တွေနဲ့ပါ ပစ်ခတ်မှုတွေရှိခဲ့ပေ့ါ။”
တစ်လအတွင်း စစ်ရှောင်ဦးရေ ၉၄၂၅ ဦး တိုးလာခဲ့သည်ဟု REC က ပြောသည်။
ယခုထပ်တိုးလာသည့် စစ်ရှောင်အများစုမှာ မြေပုံ၊ ရသေ့တောင်၊ မင်းပြား နှင့် ဘူးသီးတောင်မြို့နယ်များထဲက ဒေသခံ ရွာသားများ ဖြစ်ကြပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲများ ဖြစ်နေရသည်ဟု စစ်ရှောင်များ ကို အကူအညီပေး နေသူများက ပြောသည်။
“မြေပုံမြို့နယ်ထဲမှာက တော်တော်အခြေအနေဆိုးတယ်။ အထောက်အပံ့တွေမရတာ ၆ လ ၇ လ လောက်ရှိပြီ။ အစိုးရ ဘက်ကရော၊ NGOs အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေရော မရောက်တာကြာပြီ။ ဘာလို့လဲဆိုတော့ သွားလာခက်ခဲပြီးမှ၊ တိုက်ပွဲတွေရှိနေတယ်။ နှစ်ဖက်တပ်တွေရဲ့ သွားလာလှုပ်ရှားမှုတွေရှိနေတယ်လို့ သိရတယ်။ စိုးရိမ်ရတဲ့အခြေအနေတွေရှိတယ်ပေါ့နော်။ အဲ့ဒီနေရာတွေက ဒေသခံအဖွဲ့အစည်းတွေလည်း သွားလာဖို့ ခက်ခဲ တယ်။ မလွယ်ကူဘူးဗျ။ တိုက်ပွဲအများအပြားဖြစ်နေတဲ့ ရသေ့တောင်မြို့နယ်ထဲမှာဆိုရင်လည်း စစ်ရှောင်စခန်း တွေထဲမရောက်သေးတဲလူတွေရော၊ စစ်ရှောင်စခန်းရောက်လာတဲ့ စစ်ရှောင်အသစ်တွေအတွက်ရော စားနပ် ရိက္ခာက တော်တော်လေးကို ခက်ခဲနေပါတယ်” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး စစ်ရှောင်စခန်းကို ရောက်ရှိနေသည့် စစ်ရှောင်တစ်ဦး က “ကျမတို့ တော်တော် ခက်ခဲနေပါတယ်။ အဓိက စားစရာမရှိတာပါ။ ရွာမှာ တိုက်ပွဲဖြစ်လို့ ဒီကိုပြေးလာတာ။ အခု စားစရာမရှိလို့ ပြန် ခက်ခဲနေရတယ်။ ကျမတို့ကို လာပြီးကူညီပေးဖို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးနေရသူများအနက် စစ်ရှောင်စခန်းများသို့ ရောက်ရှိလာသည့် စစ်ရှောင်အရေအတွက်ထက် စစ်ရှောင်စခန်း ပြင်ပတွင် ထွက်ပြေးတိမ်းရှောင်နေရသူက ပိုများနေသည်ဟု REC ၏ ထုတ်ပြန်ချက်အရသိရသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အနေဖြင့် အိမ်ထောင်စု ၁၀ စု အောက်ခိုလှုံနေသည့် နေရာ များကို စစ်ဘေးဒုက္ခသည်စခန်းများအဖြစ် ဖော်ပြခြင်းမရှိဘူးဟုလည်း ထုတ်ချက်ထဲတွင် ရေးသားထားသည်။
လက်နက်ကိုင်ပဋိပက္ခများအကြား ဒုက္ခရောက်နေကြရသည့် ပြည်သူများ၏ အခက်အခဲများကို သက်ဆိုင်သူများ သိရှိပြီး ပြည်သူလူထုကို မထိခိုက်စေသည့် နိုင်ငံရေးနည်းလမ်းများဖြင့် ဆွေးနွေး အဖြေရှာနိုင်ရေး၊ အစိုးရ၊ ပြည် တွင်း ပြည်ပက အဖွဲ့အစည်းများအနေဖြင့်လည်း ဒုက္ခရောက်နေကြသည့် ပြည်သူများအတွက် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် လစဉ် စစ်ဘေးရှောင် အရေအတွက် စာရင်းများနှင့် ၎င်းတို့ ၏ အခက်အခဲများကို စစ်တမ်းကောက်ယူကာ ထုတ်ပြန်ပေးနေရခြင်းဖြစ်သည်ဟု REC က ပြောသည်။
http://www.nmg-news.com/2020/11/05/12349
No comments:
Post a Comment