ကျောက်တော်မြေမြုပ်မိုင်းကြောင့် အမျိုးသမီး တစ်ဦး ခြေ နှစ်ဘက်ပြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက အမျိုးသမီးတစ်ဦး ရွာအပြင်တွင် ဟင်းစားရှာရင်း မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်သွားသည်ဟု မိသားစုဝင်များနှင့် အကူအညီပေးနေသူများက ပြောသည်။
ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာသူ အသက် (၁၈) နှစ်အရွယ် မအေးစန္ဒာသည် ၎င်း၏ မိခင်နှင့်အတူ ဟင်းစားအတွက် ကတက်ဥ (ခေါ်) သင်္ဘောဥ သွားတူးကြစဉ် မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်လုံး ပြတ်သွား သည်ဟု ၎င်း၏ မိခင် က ပြောသည်။
“ကျမတို့ ဒီသင်္ဘောဥသွားရှာကြတာပါ။ ကျမသမီးက ကျမနည်း နည်းနည်းလှမ်းတဲ့နေရာမှာ သင်္ဘောဥတူးတာ၊ သင်္ဘောဥတူးဖို့ရာ တောထဲသွားကြတာ၊ သမီးက ကျမရှေ့ကပေါ့၊ တောင်ပေါ်ရောက်တော့ ဗုံးဆိုပြီး အသံကြား တာပဲ၊ သွားကြည့်တော့ သွေးတွေနဲ့ ကျမသမီးကို ပြေးကြည့်တော့ ခြေထောက်နှစ်ဖက်လုံး သွေးတွေနဲ့ပဲ။ ခြေ ထောက်ကလည်း ပြတ်သွားပြီ” ဟု မိခင်ဖြစ်သူ ဒေါ်ဦးခိုင်သန်း က ပြောသည်။
နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွှဲ ၁ နာရီခန့်က ရုပ်သားကျေးရွာအနီးရှိ တောင်ပေါ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ယခု ကဲ့သို့ ခြေထောက်ပြတ်သွားရခြင်း ဖြစ်သည်ဟု ဒေါ်ဦးခိုင်သန်း က ပြောသည်။
“ကျမသမီးခြေထောက်ပြတ်သွားတာကြည့်ပြီး ကျမစိတ်မကောင်းဘူး။ ခြေထောက်တစ်ဖက်က မိုင်းနင်းမိတဲ့ နေရာပဲ ပြတ်သွားတယ်။ ခြေထောက်က ဒူးအောက်ပိုင်းကနေ ပြတ်သွားတာ။ ကျမ သမီးက အခုလည်း သတိရလိုက် မရလိုက်ဖြစ်နေတယ်။”
ခြေထောက်ပြတ်သွားသည့် အမျိုးသမီးမှာ ယခုခါ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး စိုးရိမ်ရ သည်ဟု သွားရောက်အကူအညီပေးခဲ့သည့် ကျောက်တော်ဒေသခံ ဦးလှမြင့်က ပြောသည်။
“ရွာရဲ့ မြောက်ဘက် မီတာ ၃၀၀ လောက်ရှိတဲ့နေရာမှာ နေ့လည်တစ်နာရီလောက်က သင်္ဘောဥ ဟင်းစားရှာ သွားတာ၊ အဲ့ဒီနေရာမှာ မြေမြုပ်မိုင်းပေါက်တာ။ အခုဖြစ်တဲ့နေရာက ကျောက်တော်မြို့နယ်လည်း တစ်မိုင်ကျော်လောက်ပဲ ဝေးတယ်။ အခုက ကျောက်တော် ဆေးရုံးမှာပဲ။ အခြေအနေကတော့ မကောင်းဘူး။ စိုးရိမ်ရတယ်။ သွေးအထွက်လွန်တာပေါ့။”
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း အမျိုးသမီးငယ်တစ်ဦး မိုင်းနင်းမိပြီးခြေထောက်ပြတ်သွားသည်မှာ မှန်ကန်သည်ဟု အတည်ပြုပြောဆိုသည်။
ယခုမိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေရာသည် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားနေသည့် နေရာမဟုတ် သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလတုန်းက တပ်မတော်စစ်ကြောင်းများ ဝင်ထွက်သွားလာမှုများ ရှိခဲ့ သည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျောက်တော်မြို့နယ်အပါအဝင် ရသေ့တောင်၊ မြောက်ဦး၊ အမ်း၊ ဘူးသီးတောင် အပြင် အခြားမြို့နယ်များအတွင်း ရှိ ဒေသခံပြည်သူများမှာ တောထဲ ဟင်းရှာ၊ မျှစ်ခုတ်၊ ကတက်ဥတူး သွားကြ စဉ် မြေမြုပ်မိုင်းများ နင်းမိပြီး ခြေထောက်ပြတ်၊ လက်ပြတ်၊ အသက်ဆုံးရှုံးရမှုများ မကြာခဏဖြစ်ပွားလေ့ ရှိ သည်ဟု ဒေသခံများက ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကနေ ယခုအချိန်ထိ ဖြစ်ပွားလာနေသည့် နှစ်ဘက်တိုက်ပွဲများ၊ ထိုးစစ်ဆင်မှုများ၊ စစ်ရေးပဋိပက္ခများကြောင့် စစ်ရှောင်ပြည်သူ အရေအတွက် ၂ သိန်း၊ ၃ သောင်းကျော်ရှိပြီဖြစ်ပြီး ဒေသခံပြည်သူများသည် မြေမြုပ်မိုင်းနင်းမိခြင်း၊ မိုင်း ပေါက်ကွဲခြင်း၊ ရဟတ်ယာဉ်၊ ရေယာဉ်(Navy)တပ်များက ပစ်ခတ်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ နေ့စဉ်နှင့်မျှ ထိခိုက် သေဆုံး ဒဏ်ရာ ရရှိနေမှုများအပြင် နေအိမ်များ၊ ကျေးရွာများ မီးရှို့ခံရခြင်း၊ အရပ် သားများဖမ်းဆီးခံရခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေသည်ဟု ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
http://www.nmg-news.com/2020/11/05/12346
No comments:
Post a Comment