Wednesday, November 4, 2020

အထစ်အငေါ့များ၊ မကျေနပ်ချက်များကြောင့်ရွေးကောက်ပွဲတန်ဖိုးမကျဟု ဒေါ်အောင်ဆန်းစုကြည်ပြော

 အထစ်အငေါ့များ၊ မကျေနပ်ချက်များကြောင့်ရွေးကောက်ပွဲတန်ဖိုးမကျဟု ဒေါ်အောင်ဆန်းစုကြည်ပြော

By The Standard Time Daily -November 5, 2020

Share on Facebook


နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဖက်ဖက်မှ အထစ်အငေါ့များ၊ မကျေနပ်ချက်များရှိနေသော်လည်း ၎င်းတို့ကြောင့် ရွေးကောက်ပွဲ၏ တန်ဖိုးမကျသွားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။


ယနေ့(အောက်တိုဘာ ၅ရက်)နေ့လည် ၁၂ နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအား အွန်လိုင်းမှတစ်ဆင့်ပြောကြားသော မဲဆွယ်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။“ဒီရွေးကောက်ပွဲမှာ အထစ်အငေါ့လေးတွေရှိကောင်းရှိမယ်။အဲဒီအထစ်အငေါ့လေးတွေကဖြစ်လေ့ဖြစ်ထရှိပါတယ်။တချို့တွေကမကျေနပ်ချက်တွေရှိမယ်။


အဲဒါကြောင့်ဒီရွေးကောက်ပွဲကြီးရဲ့တန်ဖိုးဟာဘယ်လိုမှမကျသွားပါဘူး။ အများစုကနေမှန်မှန်ကန်ကန်နဲ့လုပ်တယ်။ တတ်နိုင်သမျှတရားမျှတအောင်အများပြည်သူရဲ့ဆန္ဒကိုရောင်ပြန်ဟပ်အောင်လုပ်နိုင်တယ်ဆိုရင်ကျွန်မတို့ရဲ့ရွေးကောက်ပွဲကြီးဟာအောင်မြင်တဲ့ရွေးကောက်ပွဲကြီးဖြစ်ပြီ။ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီခြေလှမ်းနောက်တစ်လှမ်းကိုထပ်တိုးသွားလို့ရပြီ”ဟုဆိုသည်။


ရွေးကောက်ပွဲသည် နိုင်ငံအတွက်အင်မတန်အရေးကြီးကြောင်း၊ ကိုဗစ်ရောဂါနှင့်ရင်ဆိုင်နေရသည့်ကာလတွင်လည်း NLDပါတီအတွက်ဝန်းရံပေးကြသည့်အတွက်အံ့အားသင့်ရပြီးအထူးကျေးဇူးတင်ကြောင်းနှင့်နောက် ငါးနှစ်အတွင်းဒီမိုကရေစီအမြစ် ခိုင်မာစွာတွယ်နိုင်ရန်ကြိုးစားမည်ဟုဒေါ်အောင်ဆန်းစုကြည်ကမဲဆွယ်ရာတွင် ကတိပေးပြောကြားခဲ့သည်။


“အောင်မြင်ဆုံး၊ အထိရောက်ဆုံးစည်းရုံးရေးဆိုတာပြည်သူတွေကိုယ်တိုင်လုပ်ပေးတဲ့စည်းရုံးရေးပါပဲ။အထူးသဖြင့်အခုလိုကိုဗစ်ရောဂါနဲ့ရင်ဆိုင်နေရတဲ့ကာလမှာဒီလောက်တောင်မှဝန်းရံပေးတာအမှန်ပြောရင် နည်းနည်းတောင်အံ့အားသင့်သွားတယ်။ မဲတစ်ပြားချင်းဟာ ကျွန်မတို့နိုင်ငံရဲ့ကံကြမ္မာကိုဆောက်တည်ပေးမယ့်မဲတွေဖြစ်ပါတယ်” ဟုဆိုသည်။


နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်အပြစ်အနာအဆာ ကင်းအောင်အတတ်နိုင်ဆုံးကြိုးစားနေမည်ကိုယုံကြည်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တတ်နိုင်သည့်ဥပဒေဘောင်အတွင်းမှတာဝန်ရှိသ၍ အားလုံးကူညီပံ့ပိုးပေးနေကြောင်း၊ COVID-19ရောဂါကင်းရှင်းစွာဖြင့် ပြည်သူများမဲပေးနိုင်ရန် အတတ်နိုင်ဆုံးနှင့်ပြည့်ပြည့်စုံစုံ စီစဉ်ထားကြောင်းနှင့်ရွေးကောက်ပွဲနေ့တွင် အင်တိုက်အားတိုက် မဲပေးကြရန်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

http://sdtimedaily.com/2020/11/05/yyk006-19/

No comments:

Post a Comment