Friday, November 27, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ခုနှစ်တွင် အသက် ၆၅ နှစ်ပြည့်မည်ဖြစ်ပြီး အသက် ၆၅ နှစ်အထိသာ တပ်ချုပ် တာဝန်ထမ်းရန် သတ်မှတ်ထားသော ကကနကောင်စီ အမိန့်ကျော်လွန်ရန်မရှိ

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ခုနှစ်တွင် အသက် ၆၅ နှစ်ပြည့်မည်ဖြစ်ပြီး အသက် ၆၅ နှစ်အထိသာ တပ်ချုပ် တာဝန်ထမ်းရန် သတ်မှတ်ထားသော ကကနကောင်စီ အမိန့်ကျော်လွန်ရန်မရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅ နှစ်ပြည့်မည်ဖြစ်ပြီး အသက် ၆၅ နှစ်အထိ တပ်ချုပ်တာဝန်ထမ်းဆောင်ရန်သတ်မှတ်ထားသော ကာကွယ်ရေးဝန်ကြီးဌာန၊ ကကနကောင်စီ၏ အမိန့်ကို ကျော်လွန် ဆောင်ရွက်ရန် မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"ကျနော်သိသလောက် ဒါနဲ့ပတ်သက်လို့တော့ အမိန့်ဆိုတာလည်း ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ဟာလည်းဖြစ်ပါတယ်။ ဥပဒေ သဘောမျိုးပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ကျ ကျနော်ခုနကပြောတဲ့အထဲမှာပါတယ်။ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်စရာ အကြောင်းမရှိပါဘူး။ ၂၀၂၁ ထဲမှာ (တပ်ချုပ် အသက် ၆၅ နှစ်) ပြည့်မှာဖြစ်ပါတယ်။ (သူ့ဥပဒေအတိုင်းပဲ ဖြစ်မှာပေါ့) မှန်ပါတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
၂၀၁၄ ခုနှစ် ၄/၂၀၁၄ ကကနကောင်စီ အမိန့်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို အသက် ၆၅ နှစ်ထက် မပိုသောကာလအထိ တာဝန် ထမ်း ဆောင် ခွင့်ပြုခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ရွေးချယ်မှုဖြင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ရာထူး ရရှိခဲ့သည်။ တပ်ချုပ်အဖြစ် ရွေးချယ်ခန့်အပ်စဉ်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးအဆင့်သာရှိနေသေးသည့် အချိန် ဖြစ်သည်။
ဗိုလ်သင်တန်းအပတ်စဉ် ၁၈ ကျောင်းဆင်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ချန်လှပ်ထားပြီး ဗိုလ်သင်တန်း အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်ချုပ် အဖြစ် ခန့်အပ် ခဲ့ခြင်းဖြစ်ရာ ဗိုလ်သင်တန်း အပတ်စဉ် ကြီးစဉ်ငယ်လိုက် မဟုတ်ဘဲ ထိုအချိန်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ ယုံကြည်မှု၊ နီးစပ်မှုရှိသူကိုသာ တာဝန် လွှဲပြောင်း ပေးအပ်ခဲ့ သည့် ပုံစံပင်ဖြစ်သည်။
၂၀၁၆ ခုနှစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက် ၆၀ ပြည့်ချိန်တွင် တပ်မ တော်၊ ကကနကောင်စီ က တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့သည် အသက် ၆၅ နှစ် အထိ တာဝန် ထမ်းဆောင်နိုင် သည်ဆိုသော ကကနကောင်စီ ညွှန်ကြားလွှာ တစ်ရပ် ထုတ်ပြန်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်ချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သည်။
ယင်းသို့ ခွင့်ပြုမှုသည် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီဖြစ်ပြီး တပ်မတော်သားများ သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း အခြားသော နိုင်ငံ့ဝန်ထမ်းများ ထက် စာလျှင် ထူးခြား သော သဘာဝရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၉၁ တွင်လည်း တပ်မတော်သားများနှင့် ပတ်သက်၍ တပ်မတော် ဥပဒေများအတိုင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း တပ်မတော်က ရှင်းလင်း ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၆၅ နှစ်ပြည့်သည့် ၂၀၂၁ခုနှစ် အထိ တာဝန်ထမ်းဆောင်ခွင့်ရရှိထားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်ဇူလိုင်လတွင် မွေးဖွား ခဲ့ပြီး ၂၀၂၁ ခုနှစ်ဇူလိုင်လ တွင် အသက် ၆၅ ပြည့်မည်ဖြစ်ကြောင်း သိရှိရသည်။

https://www.facebook.com/khitthitnews/posts/1074027573034588?__cft__[0]=AZVPs6HqD_GEMTN-HxUBa_ogQ9cgT2m_xP4a12aS8i05XpZwjKHXNHjaokBW7FQYxad_AsAxdnD4ioBOHb2sRQ-lIo_k7aUyKJ7ob6ExXRdcgAG8nRFWB3F7D6ihsbtwTicoQNSnovk9re4KjBCLDfrt&__tn__=%2CO%2CP-R

No comments:

Post a Comment