ရခိုင်တွင် တိုက်ပွဲ မဖြစ်ပွားမှု ရက် ၂၀ ကျော်လာပြီး AA နှင့် တပ်မတော်အကြား ငြိမ်းချမ်းရေး အလားအလာကောင်းဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော
ရန်ကုန်၊ နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများမဖြစ်ပွားမှု အခြေအနေသည် ရက်ပေါင်း ၂၀ ကျော်လာပြီး တပ်မတော်နှင့် AA အကြား ငြိမ်းချမ်းရေးအလားအလာကောင်းနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
ယနေ့ ကျင်းပသော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
တပ်မတော်နှင့် AA အကြား ကြားဝင်စေ့စပ်ပေးနေသော အဖွဲ့များ၊ လူပုဂ္ဂိုလ်များရှိနေပြီး ယင်းစေ့စပ်မှုမှတစ်ဆင့် ငြိမ်းချမ်းရေးအလားအလာကောင်းကြောင်း၊ လတ်တ လော နှစ်ဖက်အဖွဲ့များ လိုက်နာမှု အားကောင်း၍ တိုက်ပွဲများမဖြစ်ပွားခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
"ကျနော်မြင်တာကတော့ ကောင်းတဲ့ အခြေအနေလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီလို မျိုးပေါ့ နယ်မြေဒေသကြီးတစ်ခုလုံးကို အခုအချိန်အထိပေါ့ ဘယ်လောက်ပဲ သေနတ်သံတိတ်နေ ၁၂ ရက်နေ့က စတယ်ပဲ ပြောပြော၊ ၈ ရက်နေ့က စတယ်ပဲပြောပြော ဒီနေ့ဆိုရင် ၂၀ ရက်ကျော်ပြီပေါ့။ စစ်မြေပြင်မှာတော့ တိုက်ပွဲမဖြစ်ပွားခြင်းကတော့ ကျနော်တို့ စစ်သားတွေအယူအဆကတော့ တစ်မိနစ် တိုက်ပွဲမဖြစ်ပွားလေ တစ်မိနစ်အကျိုးရှိလေပဲ။ ဒေသခံ ပြည်သူတွေလည်း အဲဒီလိုပဲဖြစ်မှာပါ။ ဒါမျိုးကို ကျနော်တို့ လုပ်နိုင်တာဆိုတာသည် မရှိခဲ့ဖူးဘူး။ မရှိခဲ့ဖူးတဲ့အတွက်ကြောင့် တချို့နေရာတွေ ငြိမ်းချမ်းရေး ရနေပြီပြောတယ်။ အပစ်အခတ်ရပ်စဲထားတယ်ပြောတယ်။ ဖြစ်နေဆဲပါပဲ။ ဒီလိုအခြေအနေကို လဝက်ကျော်လောက်အထိ ထိန်းသိမ်းထားနိုင်တယ်ဆိုတာ နည်းတဲ့အဆင့်မဟုတ်ပါဘူး။ နှစ်ဖက်လိုက်နာဆောင်ရွက်မှုကောင်းလို့ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့်ကျတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ မဖြစ်ပွားတော့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း EAO များ၏ အဆိုဖြစ်သော ထိုးစစ်ဆင်ခြင်းများမပြုလုပ်တော့ဘဲ လမ်း၊ တံတား လုံခြုံရေးများ သာ ဆောင်ရွက်တော့ ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးစဉ် လက်နက်ကိုင်အဖွဲ့များကို မတရားအသင်းကြေညာမှုမှ ပယ်ဖျက်ပေးခဲ့သည့် ဖြစ်စဉ်များကိုလည်း ထည့်သွင်းပြောဆိုသွားပြီး အကြမ်းဖက်အဖွဲ့ ကြေညာထားသော AA နှင့်ပတ်သက်၍ သုံးနှုန်းရာတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အကြမ်း ဖက်အဖွဲ့ ဟု အမည် တပ်ခေါ်ဝေါ်သုံးနှုန်းခြင်းမပြုခဲ့ပေ။
https://www.facebook.com/khitthitnews/posts/1074019286368750?__cft__[0]=AZU4Hyr1_rGhEKTqHCWqTrUt4A-nvH1mT0zTUZNv9qDA5V_PsXpky9Yas1wQkyo03Q6GOvULZAc8ZyuN-cBingoVtid9F_7JIEQNEwpieBqmaC0LViPd8BkTCp1IKqJpLnlZBs9v6d-TSpdYctpX8GEW&__tn__=%2CO%2CP-R
No comments:
Post a Comment