တပ်မတော်ထုတ်ပြန်ချက်နှင့် တပ်ချုပ်အင်တာဗျူး ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေများ၏အနှစ်သာရနှင့် ကိုက်ညီမှုမရှိ
By The Standard Time Daily -November 5, 2020
Share on Facebook
ရွေးကောက်ပွဲ အကြိုကာလနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထား ထုတ်ပြန်ချက်နှင့် တပ်ချုပ်အင်တာဗျူး တွင် ပြောကြားချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ များ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိ ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၄ ရက် ညနေ ပိုင်းတွင် ပြုလုပ်ခဲ့သော သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
‘တပ်မတော်ရဲ့ နောက်ဆုံးထုတ် ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ် အချို့ရဲ့ တိကျရေရာသေချာမှုမရှိတဲ့ ပြော ကြားချက်များကို အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အထောက်အကူမဖြစ် စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာရောက်ပါ တယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာနယူးတို့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး’ဟု ၎င်းက ပြောကြားသည်။
နိုဝင်ဘာ ၂ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြို ကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေ များနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားထုတ်ပြန်ချက်တွင် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ချိန် လေးနှစ်ကျော်ရရှိခဲ့သော်လည်း ကြိုတင်ဆန္ဒမဲထည့်သည့် စာအိတ်များ၊ မဲပုံးများကိုပင် အဆင့်အတန်းမီစွာ ဆောင်ရွက်နိုင် ရေး ချို့ယွင်းအားနည်းခဲ့ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြပါရှိသည်။
ထို့ပြင် ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြထားပြီးဖြစ်သော်လည်း တည်ဆဲဥပဒေများကို ကျော်လွန်သည့် ထုတ်ပြန်ချက်များထုတ်ပြန်ခြင်း၊ မဲပေးခွင့်မဆုံးရှုံးစေရေးကိုအကြောင်းပြလျက် တည်ဆဲဥပဒေများကိုကျော်လွန်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက် နေခြင်းအပေါ် မဲဆန္ဒရှင်များက သံသယဖြစ်ဖွယ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော ကော်မရှင်တစ်ခု ဖြစ်သော်လည်း ကော်မရှင်အား နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခြင်းဖြစ်ပြီး ဥပဒေ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ဖွဲ့စည်းရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အစိုးရအဖွဲ့က တာဝန်ယူရပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲများ၌ လွတ်လပ်၍ တရားမျှတမှု ရှိ၊ မရှိအပေါ် ဝေဖန် ရာ၌ ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်ခြင်းထက် အစိုးရအပေါ် ဝေဖန်ခြင်းဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပေါ်ပြူလာနယူးစ်ဂျာနယ်တို့၏ အင်တာဗျူးတွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနိုင်ရန်အတွက် ခိုင်ခိုင်မာမာဖြစ်စေလိုကြောင်း တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် လက်ရှိပြည်သူက ရွေးချယ်ထားသည့် ပါတီစုံလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိရန် တပ်မတော်၏ လိုလားချက်ဖြစ်၍ ထိုသို့သွားစေလိုကြောင်း၊ ဒီမိုကရေစီ စနစ်တွင် ရွေးချယ်တင်မြှောက်ရန် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး ရွေးချယ်တင် မြှောက်ပွဲက စနစ်တကျမဟုတ်ဘဲ နည်းလမ်းမကျ စည်းကမ်းချိုးဖောက်မှုများလာပါက တည်ငြိမ်သည့် ဒီမိုကရေစီစနစ်ဖြစ်ရန် ခဲယဉ်းကြောင်းပြောကြားခဲ့သည်။
ဒီမိုကရေစီ၏ အနှစ်သာရသည် ရွေးကောက်ပွဲ၏ အနှစ်သာရဖြစ်ပြီး အစိုးရ အနေဖြင့် ယင်းကိစ္စအပေါ် အဆုံးအဖြတ်ပေးရမည့်ကိစ္စ၊ မှတ်ကျောက်တင်ခံရမည့်ကိစ္စ ဖြစ်နေကြောင်း၊ ထို့ကြောင့် မလိုလားအပ်သော ကိစ္စရပ်များဖြစ်ပေါ်လာမည်စိုးသောကြောင့် သတိပေးခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြေကြားထားသည်။ တပ်မတော်၏ နောက်ဆုံးထုတ်ပြန်ချက်သည် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်အချို့၏တိကျရေရာ သေချာမှုမရှိသည့် ပြောကြားချက်များကို အခြေခံထားပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၆ (က) တွင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟူ၍ ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ-၁၊ ပုဒ်မခွဲ (င)အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုလိုပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည်
နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်ဟု ဥပဒေများတွင် ပြဋ္ဌာန်းထားခြင်း လုံးဝမရှိသည်ကို သတိပြုသင့်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးသည် လက်ရှိ နိုင်ငံတော် အစိုးရ၏ ဦးစားပေးမူဝါဒလည်းဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်ရမည့် အချိန်လည်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
http://sdtimedaily.com/2020/11/05/shp24-118/
No comments:
Post a Comment