တပ်မတော်သည် နိုင်ငံရေးပါတီမဟုတ်သည့်အတွက် အတိုက်အခံပါတီကဲ့သို့ လုပ်ဆောင်သွားရန်မရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
By The Standard Time Daily -November 27, 2020
Share on Facebook
တပ်မတော်သည် နိုင်ငံရေးပါတီမဟုတ်သည့်အတွက် အတိုက်အခံနိုင်ငံရေးပါတီကဲ့သို့ လုပ်ဆောင်သွားရန်မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ယနေ့(နိုဝင်ဘာ ၂၇ ရက်) တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တပ်သည် အတိုက်အခံပါတီတစ်ခုပုံစံအသွင်ဆောင်ကာ လွှတ်တော်ထဲတွင် NLD ပါတီကို ထိန်းကျောင်းသွားနိုင်ချေရှိနေသည်ဟု နိုင်ငံရေးသုံးသပ်လေ့လာသူအချို့၏ သုံးသပ်နေမှုအပေါ် မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်းဖြေကြားလိုက်ခြင်းဖြစ်သည်။
“တစ်ခုအလေးနက်ထားပြောချင်တာကတော့ တပ်မတော်အနေနဲ့က နိုင်ငံရေးပါတီမဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီမဟုတ်တဲ့အတွက် အတိုက်အခံပါတီလိုမျိုး လုပ်စရာအကြောင်းမရှိပါဘူး” ဟု ၎င်းကဆိုသည်။
တပ်မတော်အနေဖြင့် လွှတ်တော်အတွင်း အခြေခံဥပဒပါ ပြဌာန်းချက်များနှင့် အခြေခံဥပဒေကပေးသည့်တာဝန်များကို ထမ်းဆောင်နေကြောင်း၊ တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့တာဝန်ရှိကြောင်း ၎င်းကဆိုသည်။
ထို့အပြင် အစိုးရအနေဖြင့် လိုအပ်ချက်များရှိလာပါက အပြုသဘောဖြင့် ဝေဖန်ထောက်ပြခြင်း၊ ဥပဒေအရဆုံးဖြတ်ပေးနိုင်ရန် ဆောင်ရွက်ခြင်းများကိုပြုလုပ်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများကိုပြောကြားခဲ့သည်။
http://sdtimedaily.com/2020/11/27/zm03-200/
No comments:
Post a Comment