တပ်မတော်၏သဘောထားထုတ်ပြန်ချက်အပေါ် သူတို့ဘယ်လိုမြင်ကြသလဲ
By The Standard Time Daily -November 3, 2020
Share on Facebook
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာလိုတော့သည့်အချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်သည့် သုံးသပ်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့ လာသူများကြား ထင်မြင်ယူဆချက်များစွာ၊ ဝေဖန်မှုများစွာထွက်ပေါ်လျက်ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော အဆိုပါထုတ်ပြန်ချက်မှာ အမှတ်စဉ် ၇ ချက်ပါရှိပြီး အနှစ်ချုပ်အားဖြင့် “မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကော်မရှင်၏တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း သဘောထားထုန်ပြန်သည်” ဟု အမှတ်စဉ် ၇ တွင်ဖော်ပြပါရှိသည်။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဒီလိုသဘောထားတွေ ထုတ်ပြန်တယ်ဆိုတာကတော့ လက်ရှိအစိုးရကို သာမကဘူး။ သူတို့ရဲ့လက်ရှိအနေအထားရပ်တည်မှုကို အာဏာသဘောမျိုး ပါဝါသဘောမျိုးပြပြီး ခြိမ်းခြောက်လိုက်ရာရောက်တယ်လို့ ပြောချင်ပါတယ်။ အဓိကကတော့ ကိုယ်လိုချင်တဲ့ ရွေးကောက်ပွဲအဖြေမရရင် တစ်စုံတစ်ရာကိုလုပ်မယ်ဆိုတဲ့ အနေအထားကို သုံးသပ်လို့ရပါတယ်” ဟု ရခိုင်အမျိုးသားပါတီ၏ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်က သုံးသပ်လိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ တပ်မတော်၏ သဘောထားထုတ်ပြန်ချက်တွင်ပါရှိသော အချက်အလက်များမှာ ရွေးကောက်ပွဲကော်မရှင်၏ လက်ရှိအခြေအနေကို မြင်တွေ့ရသည့်အတိုင်းပြောဆိုခြင်းသာဖြစ်သည်ဟုဆိုသည်။
“ရည်ရွယ်ချက်ကတော့ ထုတ်ပြန်တဲ့သူကိုယ်တိုင်ပဲသိမယ်။ ထုတ်ပြန်ထားတဲ့ကြေညာချက်အရဆိုရင် ကျွန်တာ်တို့သုံးသပ်ချက်က ရွေးကောက်ပွဲကော်မရှင်မှာ ချို့ယွင်းချက်အများအပြားရှိတာမှန်ပါတယ်။ သို့သော်လည်း သူကအကောင်းဆုံးပြန်လည်ပြီး ချို့ယွင်းချက်တွေပြင်ဆင်နိုင်ဖို့ကြိုးစားနေတာတွေကျွန်တော်တို့မြင်ပါတယ်။ နောက် UEC ရဲ့ဆောင်ရွက်ချက်တွေအတွက်သမ္မတက တာဝန်ပေးထားတဲ့အဖွဲ့အစည်းဖြစ်တော့ သမ္မတမှာပဲတာဝန်ရှိတယ်။ တာဝန်ယူရမယ်ဆိုတာမျိုးပြောထားတာတွေလည်းတွေ့ပါတယ်။ ကျွန်တာ်တို့ဒီမိုကရေစီသွားတဲ့အခါမှာ အဖွဲ့အစည်းတွေကသီးခြား ဆောင်ရွက်ပိုင်ခွင့်ရှိတဲ့ကဏ္ဍတွေလည်းရှိပါတယ်။ UEC ကဥပဒေ ၊ နည်းဥပဒေနဲ့အညီ ဆောင်ရွက်တယ်ဆိုတာမျိုးကိုဖော်ပြထားတာလည်းတွေ့ပါတယ်။ ဘယ်အချက် ဘယ်အချက်တွေက မညီဘူးဆိုတာတင်ပြနိုင်တယ်ဆိုရင် ဒီဥပဒေ၊နည်းဥပဒေနဲ့ညီညွတ်အောင် ကျွန်တာ်တို့ အစိုးရကဝိုင်းဝန်းပေးနိုင်မှာဖြစ်ပါတယ်” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တပ်မတော်မဲရုံများကို ပြင်ပထုတ်လိုက်ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်၏ ဘယ်လိုလူတွေကိုမဲထည့်ရမလဲ ကြေညာချက်အား မြဝတီသတင်းစာ၌ဖော်ပြခဲ့ခြင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့တိုင်ကြားမှုများရှိခဲ့သည်။ ယင်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီအချို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ သွားရောက်တွေ့ဆုံမှုများရှိခဲ့သည်။
ပြင်ပနိုင်ငံရေးလေ့လာသူ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးရဲထွန်းက
“နိုင်ငံရေးပါတီအချို့ကကာကွယ်ရေးဦးစီးချုပ်နဲ့ သွားတွေ့ပြီး UEC ရဲ့မတရားမှုတွေ။ UEC လုပ်တာနဲ့ ပတ်သက်လို့ သူတို့မကျေနပ်တဲ့အချက်တွေသွားပြီး ပြောကြတယ်။ အဲဒီလိုပြောခဲ့တဲ့ အချိန်မှာလည်း သူကဘာမဆိုလုပ်ရဲတယ်ဆိုတာကာကွယ်ရေးဦးစီးချုပ်ကပြောလိုက်တာရှိတယ်။ အခုချိန်မှာ UEC ရဲ့လုပ်ကိုင်ဆောင်ရွက်ချက်တွေက သိပ်ပြီးသမာသမတ်မကျဘူးဆိုတာကို အရင်ဦးတင်အေး UEC နဲ့နှိုင်းယှဉ်ပြီး ပြောလာတာတွေများလာတဲ့အခါ သူကဒါကိုကြိုပြီးသတိပေးတဲ့သဘောပေါ့။ ဒီမှာဖတ်ကြည့်ရတာတော့ တော်တော်လေးပြင်းထန်တယ်။ UEC ကိုတင်မဟုတ်ဘဲနဲ့ လက်ရှိအာဏာရ အစိုးရကတာဝန်ယူရမယ်ဆိုတာမျိုးအထိပြောလာတာပေါ့။ တာဝန်ယူသင့်တယ်ဆိုပြီးပြောလာတာပေါ့။ ဒါကရှေ့ဆက်ပြီး မဟုတ်မဟတ်မလုပ်အောင်။ မတရားမလုပ်အောင်သတိပေးတဲ့ဟာလို့ယူလို့ရှိရင်လည်းရတယ်။ နောင်မှာ ဒီထက်ပိုဆိုးလာလို့ရှိရင်လည်း ဆိုးဆိုးဝါးဝါးဖြစ်လာလို့ရှိရင် အာဏာသိမ်းတာတွေ ဘာတွေအထိ လုပ်မယ်ဆိုရင် ဒါကအကြောင်းပြချက်တစ်ခု ကြိုပြီးသတိပေးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့” ဟု ဦးရဲထွန်းကသုံးသပ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်း ဆိုထားသည့်အတွက် ယခုထုတ်ပြန်ချက်အရ ရွေးကောက်ပွဲအကြိုကာလတွင်ဖြစ်ပေါ်နေသော အခြေအနေများမှာ ၂၀၀၈ အခြေခံဥပဒေနှင့်ညီညွတ်မှုရှိသောကြောင့် ထောက်ပြခြင်းဖြစ်ကြောင်း ကာကွယ်ရေးဦးစီချုပ်နှင့်တွေ့ဆုံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဌ ဦးကျော်ဇေယျကပြောသည်။
“ထုတ်ပြန်ချက်ရဲ့ရည်ရွယ်ချက်ကတော့ တပ်မတော်အနေနဲ့ ထိန်းသိမ်းမှာပေါ့။ နိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ထိန်းသိမ်းတာပေါ့။ ဒီအချိန်မှာကလည်း အစိုးရတစ်ရပ်ကူးပြောင်းဖို့ ရွေးကောက်ပွဲကာလ ဖြစ်နေတယ်။ ဒီကာလမှာ နောက်ထပ်အစိုးရတစ်ရပ်ပေါ်လာဖို့လုံးပမ်းနေရတဲ့ အခြေအနေဖြစ်တယ်။ အစိုးရရော၊ ပြည်သူရော တာဝန်ရှိတဲ့သူတွေအကုန်လုံး မဲပေးရမယ့်အချိန်ဖြစ်တဲ့အတွက် တပ်မတော်ရဲ့သဘောထားကိုသိအောင် လမ်းမှန်ရောက်အောင်လို့ တပ်မတော်က ဒီအချိန်မှာ ဒီလိုထုတ်ပြန်သင့်တယ်လို့ သူတို့လည်း တွက်ဆတာပေါ့” ဟုပြောသည်။
ယခုလိုထုတ်ပြန်လိုက်သည့် တပ်မတော်၏ထုတ်ပြန်ချက်အတိမ်အနက်သည် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင်ပါဝင်နေသည့် အဖွဲ့အစည်းအဆင်ဆင့်အနေနှင့် သတိပြုမိရန်လိုအပ်ကြောင်း ဦးရဲထွန်းကသတိပေးသည်။
“ရွေးကောက်ပွဲကော်မရှင်က ဒီထုတ်ပြန်ချက်ရဲ့အတိမ်အနက်ကို ခန့်မှန်းမိလို့ သူတို့အနေနဲ့ မျှမျှတတလုပ်ဖို့ ဆင်ဆင်ခြင်ခြင်လုပ်ဖို့ ပြန်ထိန်းလိုက်တာမျိုးအတွက် သတိပေးလိုက်တာမျိုးလည်းဖြစ်သွားနိုင်တာပေါ့။ ရွေးကောက်ပွဲအပေါ်သက်ရောက်မှုဆိုတာကတော့ အဲဒါပါပဲ” ဟု ဦးရဲထွန်းကပြောသည်။
တပ်မတော်၏ထုတ်ပြန်ချက်ကြောင့် နိုင်ငံရေးပါတီများနှင့်ရွေးကောက်ပွဲတာဝန်ရှိသူအဆင်ဆင့်သည် ဂရုတစိုက်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုတိယဥက္ကဌ ဦးကျော်ဇေယျကဆိုသော်လည်း လက်ရှိအာဏာရပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က တပ်မတော်၏သဘောထားထုတ်ပြန်ချက်သည် လက်ရှိရွေးကောက်ပွဲအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း မှတ်ချက်ပေးသည်။
“ရွေးကောက်ပွဲအပေါ်တော့ ဒီထုတ်ပြန်ချက်က သက်ရောက်မှု ရှိလိမ့်မယ်လို့ကျွန်တော်တို့မထင်ပါဘူး။ မြန်မာပြည်သူတွေဟာ နိုင်ငံရေးအရဆင်ခြင်နိုင်စွမ်းတော်တော်လေးကိုမြင့်မားလာပြီလို့ ကျွန်တော်တို့ သေုံးသပ်ထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကပြောသည်။
ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်ကလည်း
“ဒီနိုင်ငံက စစ်အုပ်ချုပ်ရေးအောက်မှာ မနေချင်တဲ့အတွက် နှစ်ရှည်လများ နည်းပေါင်းစုံနဲ့ ဒီပြည်သူတွေ အထူးသဖြင့် အခုမှ ပါတီတွေ၊ အဖွဲ့အစည်းတွေ ကွဲသွားကြတာ။ တကယ်တန်းအားဖြင့် စစ်အုပ်ချုပ်ရေးရဲ့ အမှောင်ခေတ်ကို မလိုချင်တဲ့အတွက် အများကညီညီညာညာ ဝိုင်းဝန်းပြီး တိုက်ပွဲဝင်ခဲ့ကြတာ။ ဆိုတော့ ဒါမျိုးတွေရိုးနေပြီလို့ပဲ ပြောရမလား။ ဘယ်သူမှစစ်အုပ်ချုပ်တဲ့ အမှောင်ခေတ်ထဲကိုတော့ ပြန်မသွားချင်ပါဘူး” ဟု ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတစ်ခုနှင့် သီးသန့်အင်တာဗျူးအဖြစ်တွေ့ဆုံရာမှာ “ယခုလိုသတိပေးထုတ်ပြန်ရခြင်းမှာ ဥပေဒအရညီညွတ်မှုရှိသလို ကော်မရှင်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ပြောခြင်းဖြစ်ပြီးတပ်မတော်၏လိုလားချက်မှာ လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ရန်သာဖြစ်ကြောင်း” ပြောဆိုလိုက်သည်။
ယခုတပ်မတော်၏သတိပေးထုတ်ပြန်ချက်များသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲပြီးဆုံးပြီးဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများနှင့် သက်ဆိုင်လျက်ရှိနေရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် သတိထားဆောင်ရွက်ဖို့လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက မှတ်ချက်ပြုထားကြသည်။
လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲက ဒီမိုကရေစီကိုဖော်ဆောင်သော ရွေးကောက်ပွဲခရီးလမ်းတွင် တပ်မတော်ဘက်က ပါဝင်ပတ်သက်လာမည်ကို နိုင်ငံရေးအသိုင်းအဝိုင်းကသာမက အများပြည်သူဘက်ကပါ စိုးရိမ်လျက်ရှိသောအနေအထားဖြစ်သည်။
သတင်းဆောင်းပါး − နေမင်းကျော်၊ မိုးသိမ့်နိုင် /စံတော်ချိန်
ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေး
http://sdtimedaily.com/2020/11/03/kz06-115/
No comments:
Post a Comment