ကျောက်ဖြူတွင် ရွာသား ၆ဦးကို တပ်မတော်က ဖမ်းဆီးပြီး ရဲစခန်းသို့ လွှဲပြောင်း
ရန်ကုန်၊ နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာသား ၆ဦးကို တပ်မတော်က နိုဝင်ဘာလ ၁ရက်နေ့တွင် ဖမ်းဆီးသွားပြီး လက်ရှိချိန်တွင် ကျောက်ဖြူမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
ဖမ်းဆီးခံရသော ကျေးရွာသား၆ဦးမှာ ဦးလှမောင် (၅ဝ) နှစ်၊ ကိုဝေတာအောင် (၂၅) နှစ်၊ ကိုညီညီဆန်း (၂၇) နှစ်၊ ကိုချလုံး (၁၉) နှစ်၊ ကိုမောင်ထွန်းကြည် (၂၂) နှစ်နှင့် ကိုမောင်မြင့်အောင် (၁၉) နှစ်တို့ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောဆိုသည်။
“ အဲဒီ ၇ယောက်ဖမ်းတဲ့ကိစ္စက ၁ယောက်တော့ လွှတ်လိုက်ပြီဗျ။ ၆ယောက်လောက်ကိုဖမ်းထားတယ်။ သူတို့တွေ ဖြစ်စဉ်က ကျွန်တော်ကြားသိရသလောက်ကတော့ ဘာမှမဖြစ်ပါဘူး။ သူကကျေးရွာကို ညအချိန်မတော်ဝင်လာတာ ညအချိန်မတော်ဝင်လာပြီးသူက ၁၁လပိုင်း ၁ရက်နေ့ ညအချိန် ၁နာရီလောက်မှာဝင်လာပြီး စည်မော်ရွာထဲကို ဝင်လာတယ်။ မြန်မာ့တပ်မတော်က အဲဒီရွာထဲကို ဝင်ရောက်ပြီး ရှာဖွေတယ်ဖမ်းဆီးတယ်ပေါ့။ လူ ၇ယောက် ဖမ်းသွားတယ်။ မနက်မိုးလင်းတာနဲ့ တစ်ယောက်ကို လွှတ်လိုက်တယ်။ ၆ယောက်လောက်ထိ ကျန်ခဲ့တယ်။ ဖမ်းထားတဲ့လူတွေ နေအိမ်တွေကို လာခေါ်ပြီးဖမ်းသွားတာ ညဆိုရင်တော့ အကုန်လုံး အိမ်မှာ အိပ်နေကျပြီပေါ့။ အကုန်လုံး ရွာထဲကိုဝင်ပြီး အိမ်တွေကိုရှာပြီး ရှာဖွေပြီးဖမ်းတာပေါ့။ ဖမ်းဆီးခံရတဲ့သူတွေ အကုန်လုံးကို အဲဒီမှာ စည်မော်ရွာနဲ့ နီးတာက အဲဒီ ဓညဝတီ ရေတပ်နဲ့ နီးတယ်။ အဲဒီ ရေတပ်ထဲ ခေါ်သွားတယ်ပြောတယ်” ဟု ဦးကျော်လွင်ကပြောဆိုသည်။
အဆိုပါဖမ်းဆီးခံရသူများထဲမှ အသက် ၅ဝအရွယ် ဦးမောင်ခင်သန်းသည် ပြန်လည်လွတ်မြောက်လာကာ ဆက်လက်ဖမ်းဆီးခံထားရသူ ၆ ဦးကို လက်ရှိအချိန်တွင် ကျောက်ဖြူမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားသည်ဟု သိရကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကပြောဆိုသည်။
“ အဲဖမ်းဆီးခံရတဲ့ သူတွေကတော့ အခုကျောက်ဖြူ ရဲစခန်းရောက်နေပြီလို့ သတင်းကြားတာပဲ ရွာသားတွေပြောတာက စည်မော်က ၆ယောက်၊ ၁ယောက်ပြန်လွှတ်လိုက်တယ်ကြားတယ်။ ၆ယောက်ကို ရေတပ်ကဖမ်းသွားတယ်လို့ ရွာသားတွေပြောတာပဲ မေးကြည့်လိုက်တော့ ကျောက်ဖြူ စခန်းကို ပို့ထားပြီဆိုတဲ့သတင်းတွေတော့ရပြီ။ ငါတို့ကလည်း မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့တွေ ရဲတပ်ဖွဲ့တွေ ဘာညာမေးပြီးတော့ သူတို့ဆီရောက်ပြီလား။ ရောက်ရင် နေကောင်းရဲ့လား။ အဲလိုမျိုးတွေပေါ့။ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း စစ်ရေးပဋိပက္ခကိစ္စမှာ သူတို့နဲ့ တတ်နိုင်သလောက် သူ့တာဝန်ကိုယ့်တာဝန် ကင်းအောင်နေကြတာပဲလေ။ ဘာပုဒ်မတွေ တပ်ထားတယ်ဆိုတာတော့ မသိပါဘူး။ တရားစွဲရင် အကြမ်းဖက်နဲ့စွဲမှာပေါ့။ နောက်ဘာနဲ့စွဲမှာလဲ။ အဝတောင် တုန်းကတော့ ကားတစ်စီးကို မိုင်းခွဲတာ အဲကိစ္စနဲ့ ဖမ်းမှာပေါ့။ အခင်းဖြစ်တဲ့ အချိန်နဲ့တော့ ဒီကလေးတွေကို ဖမ်းတဲ့အချိန်နဲ့တော့ အဝေးကြီးပဲ ။ ဒါပေမယ့် သူတို့ဒီကလည်း မယုံသင်္ကာတော့ ဖမ်းတာပေါ့။ ဖမ်းတော့ဖြေရှင်းရတာပေါ့။ ဟုတ်တာမဟုတ်တာ အသာထား ဖမ်းတော့လည်း တရားခံဖြစ်တာပေါ့။ သူတို့ကျန်းကျန်းမာမာရှိတယ်ဆိုတဲ့ သတင်းတော့ ကြားတာပေါ့” ဟု ၎င်းကပြောဆိုသည်။
ကျောက်ဖြူမြို့နယ် ရဲစခန်းသို့ ဒုရဲမှူး ကိုကျော်ဇောထံသို့ ဆက်သွယ်မေးမြန်းသည့်အခါ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက “ စခန်းမှူးက အစည်းအဝေးရှိလို့ဖုန်းထားခဲ့ပါတယ်။ အစည်းအဝေးသွားပါတယ်။ ကျွန်တော်တို့တော့ အတိအကျမသိသေးဘူး (ရွာသား ၆ဦးကို စွဲဆိုထားသော အမှု)။ စခန်းလာမှပဲ သိမှာမို့လို့ပါ” ဟု ပြောဆိုသည်။
https://www.facebook.com/khitthitnews/posts/1054145588356120?__cft__[0]=AZWu4WHyyuBWN8Z3RizpKCw1W9QXxSeYYUQrOU_p3xRuJHw2z4S3GzuewBAA8ptVnecmDhF3uaG9HTUk7tJIKPJiK1hPw4XYt6lYnp_wA1D4fY1JKXDMuGkd0h299EODVqnxZrk2hBiNLMGsEbqnd-fR&__tn__=%2CO%2CP-R
No comments:
Post a Comment