ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် ကျားဖြူပါတီဟု လူသိများသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ကို ဝန်းရံသူ ဦးစိုင်းအောင်ဝင်း သေနတ်ဖြင့် အပစ်ခံရကြောင်း သိရသည်။
နိုဝင်ဘာလ ၄ရက်နေ့ ညနေ ၆နာရီကျော်အချိန်က ဦးစိုင်းအောင်ဝင်းသည် ၎င်း၏ နေအိမ်ရှေ့၌ ကားပေါ်မှဆင်း၍ ဖုန်းပြောရန်ပြုလုပ်နေစဉ်တွင် လူငယ်တစ် ဦးက ပြေးဝင်လာကာ သေနတ်ဖြင့် သုံးချက်ပစ်ခတ် သွားခြင်းဖြစ်သည်ဟု နမ့်ခမ်း SNDP ဥက္ကဋ္ဌ ဦးစိုင်းကျော်အုန်းက The Ladies News သို့ ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက်ခြောက်ဆယ် ကျော်အရွယ် ဦးစိုင်းအောင်ဝင်း၏ တင်ပါးနှင့်ဝမ်းဗိုက် တို့အားထိမှန်ခဲ့ပြီး၊ နေအိမ်အတွင်း၌ရှိသော သားဖြစ် သူ၏လက်မောင်းကိုလည်း ရှပ်ထိသွားခဲ့သည်ဟု ၎င်း က ပြောကြားသည်။
ဦးစိုင်းကျော်အုန်းက ''တင်ပါးထိတယ်။ နောက်ပြီးတော့ အူ နည်းနည်းထိသွားတယ်။ ဗိုက်နည်းနည်းထိသွားတယ်။ အူထိသွားတယ်ပြောတယ်။ ပစ်တာကသုံးချက်။ တစ်ချက်ကြတော့သူ့သားရဲ့လက်မောင်း ကို ရှပ်ထိသွားတယ်လို့ပြောတယ်'' ဟု ဒဏ်ရာရရှိမှု အခြေအနေကို ပြောကြားသည်။
ယခုအခါ ဦးစိုင်းအောင်ဝင်းသည် နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး၊ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမရှိကြောင်းလည်း သိရသည်။
ဦးစိုင်းအောင်ဝင်းသည် နမ့်ခမ်းလူမှုညီညွတ်ရေး အသင်းမှ ဘဏ္ဍာရေးမှူးဖြစ်ပြီး၊ ၎င်းအား သေနတ်ဖြင့် ပစ်ခတ်သောသူမှာ ကြေးစားအဖွဲ့မှလူဖြစ်နိုင်ကြောင်း ဦးစိုင်းကျော်အုန်းက ခန့်မှန်းပြောကြားသည်။
''ကြေးစားအဖွဲ့လည်းဖြစ်နိုင်တယ်ဗျ။ မူဆယ်-နမ့်ခမ်း ဆိုတာ ကြေးစားသေနတ်အဖွဲ့တွေ လက်နက်အဖွဲ့ တွေရှိတာကိုး။ ဒါလည်းဖြစ်နိုင်တာကိုး။ ပိုက်ဆံပေးပြီးတော့ လုပ်ခိုင်းလည်း ရတာကိုး'' ဟု ၎င်းက ပြောသည်။
SNDP သည် ၂၀၂၀ ရွေးကောက်ပွဲတွင် နမ့်ခမ်းမြို့နယ်၌ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၊ ၂ တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
http://www.theladiesnewsjournal.com/news/thu-2020-11-05-1045/13998
No comments:
Post a Comment