ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ အဆုံးသတ်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဂျပန်နိုင်ငံက ကြားဝင်ကြိုးစားပေးနေတဲ့အပေါ် ရွေးကောက်ခံ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ ကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ်ကနေ ဂျပန်ရဲ့ ကြားဝင်ကူညီဖြေရှင်းပေးနိုင်မှု ရခိုင်ပြည်သူတွေဘက်က ဘယ်လိုတုံ့ပြန်သလဲဆိုတာကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။
စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေဆီ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဂျပန်နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူးနဲ့အတူ တပ်မတော်ရဟတ်ယာဉ်တွေနဲ့ မနေ့ စနေနေ့တုန်းက သွားရောက်ခဲ့တာပါ။မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်ဘက်က ရခိုင်ဒေသခံ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စတွေ၊ ဒေသတွင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့အတွက် ဒေသခံတွေရဲ့ သဘောထားတွေကို ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခဲ့သလို ရခိုင်တိုက်ပွဲရှောင်ပြည်သူတွေ လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ်အပေါ် လက်ရှိ ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ ရန်ကုန်တိုင်းရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး မထုမေက အခုလို သုံးသပ်ပါတယ်။
"အခုလိုမျိုး ဂျပန်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုသာရှိခဲ့မယ်၊ ပြီးရင် ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်မယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ စေ့စပ်ညှိနှိုင်းပေးမယ့် နိုင်ငံအနေနဲ့ ပါဝင်လာမယ်ဆိုရင် ကျမတို့အနေနဲ့ ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြားဝင်ဖျန်ဖြေပေးတဲ့နိုင်ငံဟာ သမာသမတ်ကျမယ်၊ တကယ်တမ်း ပြည်သူ့အကျိုးစီးပွားကို ယူဆောင်လာနိုင်တဲ့ အခြေအနေမျိုးမှာ ဖြစ်မယ်ဆိုရင်တော့ ကျမတို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အခင်းအကျင်းထဲမှာ ဂျပန်အနေနဲ့ ပါဝင်မှုကို ကျမတို့ ကြိုဆိုသလိုပဲ ဒါကို ဆက်လက်ဖြစ်ထွန်းဖို့ရာကိုလည်း ကျမတို့ အားပေးချင်တယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း အစိုးရရော တပ်မတော်ရော နောက် AA ပေါ့နော် ဒီအဖွဲ့တွေကနေပြီးတော့ ခိုင်ခိုင်မာမာနဲ့ စတင်ဖို့လိုပါတယ်။ ဒါမှသာ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
“ဒီအခြေအနေဟာ ရခိုင်အတွက် ကောင်းမွန်တဲ့အခြေအနေ ဖြစ်သလိုပဲ တကယ်လို့သာ ဂျပန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံ တချို့တွေပါ ပါဝင်လာမယ်ဆိုရင် ပိုပြီးသင့်တော်တယ်။ ဒါပေမယ့် ကြားဝင်ဖျန်ဖြေမှု ဆောင်ရွက်တဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဖောင်ဒေးရှင်းအပေါ်မှာ အခြေခံတဲ့ ကြားဝင်ဖျန်ဖြေပေးမှု ရေရှည်မှာ အလားအလာကောင်းတဲ့ ရေရှည်အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်မယ် ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ အရွေ့မှာရော မြန်မာ့ငြိမ်းချမ်းရေးမှာရော စိတ်ချရတဲ့ အခြေအနေကို ရောက်သွားမယ် ဆိုလို့ရှိရင်တော့ ဒါဟာ ကောင်းမွန်တဲ့ အခြေအနေတရပ်လို့ ကျမတို့ သုံးသပ်လို့ ရပါမယ်ရှင့်။"
စစ်ရေးပဋိပက္ခသာမက ကပ်ရောဂါ ကိုဗစ်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတဲ့ ရခိုင်စစ်ရှောင်ပြည်သူတွေအရေး ကူညီပေးတဲ့ အတွက်ရော ရခိုင်ငြိမ်းချမ်းရေးအတွက်ပါ အလေးအနက်ထားပြီး ဂျပန်အစိုးရ ကိုယ်စားလှယ်ဘက်က ရခိုင်ဒေသခံတွေနဲ့ ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုကို ကမန်အမျိုးသား တိုးတက်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးတင်ငွေက ကြိုဆိုပါတယ်။
"ဒီ ဂျပန်သံအမတ်ကြီးကိုယ်တိုင် ကြားဝင်စေ့စပ် ညှိနှိုင်းပေးတာနဲ့ ပတ်သက်လို့တော့ ကျနော်တို့က ကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ စစ်ရေးအလားအလာတွေကို လျှော့ချနိုင်တဲ့ အနေအထားမျိုး ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်လို့ ကျနော်ကမြင်ပါတယ်။ ကျနော်တို့ ရခိုင်မှာက အခက်အခဲတွေ အများကြီးရှိပါတယ်ဗျ။ စစ်ရေးပဋိပက္ခတွေရှိတယ်၊ နောက် စစ်ဘေးရှောင်တွေရှိတယ်။ ကြားထဲ ကိုဗစ်ပြဿနာနဲ့ဆိုတော့ တော်တော်လေးကို ဒေသခံပြည်သူတွေက အခက်အခဲပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားပေါ့။ ဒီ ဂျပန်အစိုးရက ကူညီတာကတော့ ရခိုင်ပြည်နယ်အတွက်လည်း အကျိုးရှိသလို ပြည်ထောင်စုအစိုးရအတွက်လည်း ဒီအပေါ်မှာ ငြိမ်းချမ်းရေးလမ်းစတခု ဖြစ်သွားလိမ့်မယ်လို့ အဲ့လို ကျနော်ကတော့ မြင်ပါတယ်။”လတ်တလော အပစ်ရပ်ပြီး တိုက်ပွဲတွေ ငြိမ်သက်စပြုနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်လာနိုင်ရေး ဂျပန်အပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းမှုတွေရဲ့ အလားအလာအပေါ် နိုင်ငံရေးအကဲခတ် ဦးမောင်မောင်စိုးက အခုလိုသုံးသပ်ပါတယ်။
"လောလောဆယ်မှာတော့ တပ်နဲ့ AA ကြား နှစ်ဖက်အပစ်ရပ်မှာကို သူညှိနှိုင်းပေးတာ သိရတယ်ဗျ။ ဒါကတော့ လက်တွေ့ကျတဲ့ဖြစ်ရပ်ပဲ။ ဒါပေမယ့် တကယ်တမ်း Bilateral ထိုးဖို့တို့ တပ်နေရာချထားရေးတို့ကတော့ ဆက်ဆွေးနွေးရမယ့်ကိစ္စတွေ ဖြစ်တာပေါ့။ အဲ့ဒါတွေလည်း ဆက်ဆွေးနွေးဖို့ ကြိုးစားနေကြတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတဲ့ အတွက်ကြောင့်မို့ ဒါတွေကတော့ ကျနော်တို့ ကြိုဆိုရမယ့်အချက်ပါ။ ဒီအခြေအနေကတော့ ဂျပန်ရဲ့ ဝင်ရောက်စေ့စပ်ညှိနှိုင်းမှုရဲ့ ကောင်းတဲ့ရလဒ်လို့ ပြောရမှာပေါ့။ ဒုတိယတချက်ကတော့ သူကြိုးစားနေတာက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်မြို့နယ် ၉ မြို့နယ်ရှိတာကိုး။ အဲဒီမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးစားနေတယ်။ ဘယ်လောက်အထိ အောင်မြင်မလဲ ကျနော်တို့ စောင့်ကြည့်နေရဦးမယ် ထင်ပါတယ်။ ဒီ ရခိုင်ခရီးစဉ်မှာလည်း တပ်မတော်ဘက်က ကူညီပေးတာမျိုး တွေ့ရသလို နောက် ANP နဲ့တွေ့တယ်၊ နောက် ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် ဒေါ်လာ ၂ သိန်း တန်ဖိုးရှိတဲ့ပစ္စည်းတွေ လှူတာ၊ ကတိကဝတ်တွေ ပေးသွားတာလည်း တွေ့ရပါတယ်။ အဲ့တော့ ရှေ့မှာလည်း ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့ရမယ်လို့ တွက်ရမှာပါ။”
ဒီလ နိုဝင်ဘာလဆန်းပိုင်းတုန်းက မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေး အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
https://burmese.voanews.com/a/japan-delegation-rakhine/5680460.html
No comments:
Post a Comment