Monday, November 2, 2020

ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၇ ဦးကို တပ်မတော်မှ ခေါ်ဆောင်သွား၊ တစ်ဦးပြန်လွတ်လာ

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ ဒေသခံ ၇ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်း အဆိုပါကျေးရွာသားများထံမှ သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့က စည်မော်ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်လာပြီး ရွာသား ၇ ဦးကို သံသယဖြင့်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။

ယင်းသို့ ဖမ်းဆီးခံရသူများမှာ ဦးလှမောင်(၅၀)နှစ်၊ ဦးမောင်ခင်သန်း(၅၀)နှစ်၊ ကိုဝေတင်အောင်(၃၀)နှစ်၊ ကိုညီညီဆန်း(၂၇)နှစ်၊ မောင်အောင်တင်ထွန်း (၁၇)နှစ်၊ ကိုမောင်ထွန်းကြည်(၂၂)နှစ်နှင့် ကိုမောင်မြင့်အောင် (၂၁)နှစ်တို့ ဖြစ်ကြသည်။

ဖမ်းဆီးခံရသည့် ကိုအောင်တင်ထွန်း၏ အစ်ကိုဖြစ်သူ ကိုမောင်လူချေကြီးက “စစ်တပ်ကရွာကိုဝင်လာတယ်။ အဲဒီအချိန်မှာ ရွာသားတွေကကြောက်လန့်ပြီးထွက်ပြေးကြတယ်။ အဲဒီမှာ ကျနော့်ညီကိုဖမ်းသွားတယ်။ အခု ဘယ်မှာရှိတယ်ဆိုတာကိုလည်း ကျနော်တို့မသိဘူး၊ အဆက်အသွယ်လည်းမရဘူး။ သူ့ကိုအရမ်းစိတ်ပူတယ်” ဟု ဆိုသည်။

ထိုသို့ ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့ ဓညဝတီရေတပ်စခန်းတွင် ထိန်းသိမ်းခံထားရကြောင်း ဖမ်းဆီးခံရ ပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ဦးမောင်ခင်သန်း(၅၀)နှစ်က ပြောဆိုသည်။
ဦးမောင်ခင်သန်း လွတ်မြောက်လာသော်လည်း သားဖြစ်သူ ကိုဝေတင်အောင်(၃၀)နှစ်မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သဖြင့် ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်။

“အဲဒီနေ့က နွားတစ်ကောင် မွေးဖို့ရှိတယ်။ အဲဒါကိုသွားကြည့်တာမှာ သူတို့(တပ်မတော်သား)နဲ့ ဘုန်းကြီးကျောင်းနားမှာတွေ့တော့ မပြေးနဲ့ဆိုပြီး ကျနော့်ကိုဖမ်းပြီး ဒူးထောက်ခိုင်းထားတယ်။ ပြီးတော့ ဒိုးမတောင်ရှိရာဖက်ကို ခေါ်သွားတယ်။ ပြီးတော့တစ်ညလုံး ဘယ်တွေခေါ်သွားလို့ ခေါ်သွားမှန်းကိုမသိဘူး။ ၁ ရက်နေ့ ည ၇ ကျော်လောက်မှာ ဓညဝတီရေတပ်ကိုရောက်တယ်။ ကျနော့်ကိုတော့ ပြန်လွှတ်ပေးတယ်၊ ကျနော့်သားကို ဖမ်းသွားတယ်။ ပြီးတော့ကျနော့်ကို သူတို့(တပ်မတော်)က ဖမ်းတယ်ဆိုတာကို လူတွေကို မပြောဖို့မှာလိုက်တယ်” ဟု ဦးမောင်ခင်သန်းက ရှင်းပြသည်။

ဦးမောင်ခင်သန်း၏သားဖြစ်သူ ကိုဝေတင်အောင်(၃၀)နှစ်မှာ ယခင်ကလည်း တပ်မတော်မှဖမ်းဆီးမှုကို ယခင်ကလည်း တစ်ကြိမ်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်ကြောင်း ဖခင်ဖြစ်သူက ဆိုသည်။

ယခု ဖမ်းဆီးခံထားရသူများထဲမှ ဦးမောင်ထွန်းကြည်၊ ကိုဝေတင်အောင်နှင့် ဦးလှမောင်တို့မှာ လယ်ယာလုပ်ကိုင် ကြသူများဖြစ်ပြီး မောင်မြင့်အောင်မှာ မြန်မာစာ(ပထမနှစ်)ကျောင်းသားတစ်ဦးဖြစ်သည်။
ကျန်နှစ်ဦးဖြစ်သည့် မောင်အောင်တင်ထွန်းနှင့် မောင်ညီညီဆန်းတို့မှာ ကျပန်းလုပ်ငန်းလုပ်ကိုင်နေသူများ ဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

စည်မော်ကျေးရွာသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု မြောက်ဘက်ကျေးရွာမှ ဒေသခံ ၁၂ ဦးနှင့် အနောက်ဘက်ရွာမှ ဒေသခံ ၂ ဦးတို့ကို တပ်မတော်ကဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၁၀ ကျော်ကြာ စစ်ဆေးမေးမြန်းပြီးနောက် အောက်တိုဘာလ ၃၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်။

DMG မှ ကောက်ယူရရှိထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ အောက်တိုဘာလအထိ ရခိုင်ပြည်နယ် အတွင်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုများကြောင့် သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၁၁၇ ဦးနှင့် ဖမ်းဆီးခံရသူ ၁၀၅ ဦးအထိရှိခဲ့သည်။

ယင်းသို့ဖမ်းဆီးခံရသူများထဲမှ အချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း အချို့မှာ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးလျက်ရှိနေသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှု ၂ နှစ်တာကာလအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်အထိရှိလာကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ အောက်တိုဘာလ ၁ ရက်နေ့အထိ စာရင်းအရသိရသည်။


https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/1of7-rlse-simow.html

No comments:

Post a Comment