ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော် သဘောထားထုတ်ပြန်
By The Standard Time Daily -November 30, 2020
Share on Facebook
တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့သည့်မြို့နယ်များမှ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ပြန်လည်စိစစ်လျက်ရှိဟု ထည့်သွင်းဖော်ပြ
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် တပ်မတော်၏ သဘောထားကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းထုတ်ပြန်ချက်ထဲတွင်
တပ်မတော်တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များဆန္ဒမဲပေးခဲ့သည့် မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်များအပေါ်မူတည်၍ ပြန်လည်စိစစ်သုံးသပ်လျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့ပြီး ထိုသို့ စိစစ်ရခြင်းမှာ လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲအဖြစ် ပြည်သူများ သံသယ ကင်းစွာ အသိအမှတ်ပြုနိုင်ရေးနှင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော တရားဥပဒေကိုလေးစားလိုက်နာခြင်း အလေ့အထ ကောင်းများဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ပိုမိုဖြောင့်ဖြူးစွာ တက်လှမ်းသွားနိုင်ရေးအတွက် ရည်ရွယ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
ပြန်လည်စိစစ် သုံးသပ်တွေ့ရှိချက်များအရ လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းမည်ဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲတစ်ခုအဖြစ် သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးအတွက်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဖြစ်စဉ်အားစိစစ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကို ကူးယူတောင်းခံ သည့်အခါသက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေဖြင့် သက်သေခံဥပဒေပုဒ်မ ၇၄.နှင့် ၇၆ တို့အရ အများပြည်သူနှင့် သက်ဆိုင်သည့် စာအမှတ်အသားများကို ဥပဒေနှင့်အညီကူးယူခွင့်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လိုအပ်သလိုညွှန်ကြားပေးနိုင်ရန်လည်း မေတ္တာရပ်ခံထားသည်။
No comments:
Post a Comment