Monday, November 23, 2020

ရခိုင်တွင် တပ်မတော်က ဖမ်းဆီးပြီး ၉ လကျော်ကြာပျောက်ဆုံးနေသည့် တင်းမကျေးရွာသား ၁၈ ဦး သတင်းအစအန လုံးဝမရတော့

 ရခိုင်တွင် တပ်မတော်က ဖမ်းဆီးပြီး ၉ လကျော်ကြာပျောက်ဆုံးနေသည့် တင်းမကျေးရွာသား ၁၈ ဦး သတင်းအစအန လုံးဝမရတော့

By Western News
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ရွာသား ၁၈ ဦးတပ် မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီး သွားသည်မှာ ၉ လကျော်ကြာရှိနေပြီဖြစ်ကာ လက်ရှိအချိန်အထိသတင်းအစအနလုံးဝမရရှိသည်အတွက် မိသားစုဝင်များက စိုးရိမ်ပူပင်နေကြသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် တင်းမကျေးရွာအနီးရှိတောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသည့် တပ်မ ၅၅ မှ တပ်မတော်သားများက ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး တင်းမ(သစ်) ကျေးရွာမှ ၈ ဦးကိုလည်းကောင်း၊ မတ်လ ၁၆ ရက်နေ့တွင် တင်းမ(ကြီး)ကျေးရွာမှ ကျေးရွာသား ၁၀ ဦးကိုလည်းကောင်း အသီးသီးဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုများကပြောဆိုသည်။
ဖမ်းဆီးခံထားရသည့် ဦးမောင်ကြည်လင်း၏ အစ်မဖြစ်သူ ဒေါ်မြဝင်းကြည်က “ ကျွန်မမောင်အပါအဝင်ပေါ့ တပ်မတော်ကဖမ်းထားတဲ့ရွာသားတွေကို ပြန်လွတ်ပေးစေချင်တယ်။ တက်လာတဲ့အစိုးရသစ်အနေနဲ့ ငြိမ်းချမ်း ရေးကိုလိုလားတဲ့ ဒီမိုကရေစီအစိုးရအနေနဲ့ မိသားစုများအတွက်တရားမျှတမှုကိုရရှိရန်အတွက် ဖမ်းဆီးထားတဲ့ ရွာသားတွေကို အမြန်ဆုံးပြန်လွတ်လာအောင်လုပ်ပေးစေချင်တယ်။ ကျွန်မတို့မိသားစုက ဘာမှမလိုချင်ဘူး။ မောင်လေးပြန်လွတ်လာတာကိုဘဲ လိုချင်တယ်”ဟု ပြောသည်။
တင်းမ(သစ်)ကျေးရွာမှဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။ ယင်းအပြင် တင်းမ(ကြီး)ကျေးရွာမှ ၁၀ ဦးမှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန်ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်းနှင့် ဦးထွန်း
မောင်ဝင်းတို့ ဖြစ်သည်။
အဆိုပါဖမ်းဆီးခြင်းခံထားရသည့် ကျေးရွာသား ၁၈ ဦးထဲမှ ဦးမောင်ဝင်းကြီး၏သေဆုံးနေသည့် ရုပ်အလောင်းကို မတ်လ ၁၈ ရက်နေ့တွင် ကျေးရွာအနီးရှိချောင်းထဲ၌ မျောပါလာသည်ကိုတွေ့မြင်ခဲ့ရသည်ဟု တင်းမကျေးရွာမှ ကျောင်းထိုင်ဆရာတော်ကပြောသည်။ယင်းအပြင် ဖမ်းဆီးထားသည့်ကျေးရွာသားများ အတွက်လည်း တရားမျှတ မှုကိုလိုလားကြောင်း ဆရာတော်ကပြောသည်။
“ ကိုယ်တော်တို့ကျေးရွာက ရွာသားတွေကိုတပ်မတော်သားတွေဖမ်းသွားတာ ကိုယ်တော်ကိုယ်တိုင်မြင်လိုက် တယ်။ စုစုပေါင်းက ၁၈ ယောက်။ ဖမ်းသွားတဲ့လူတွေထဲက ဦးမောင်ဝင်းကြီးရဲ့ သေဆုံးနေတဲ့ အလောင်းကို ချောင်းမှာမျောလို့တွေ့တယ်။ ကျန်လူတွေကခုတော့ ဒီနေ့အချိန်ထိသတင်းအစအန လုံးဝမကြား ရဘူး။ သေလား၊ ချင်နေလားဆိုတာကို။ ဒါအတွက် တက်လာတဲ့အစိုးရသစ်လက်ထက်မှာ တရားမျှတမှုကို လိုချင်တယ်”ဟု ပြောသည်။
တင်းမကျေးရွာသား ၁၈ ဦးကိုဖမ်းဆီးသွားသည့်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်ထံသို့ တိုင်ကြားစာပို့ပေးခဲ့သော်လည်း ၎င်းတို့ဖက်မှ တစ်စုံတစ်ရာတုန့်ပြန်ပြောဆိုခြင်းမရှိခဲ့ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကပြောသည်။
“ ကျွန်တော်တို့လွှတ်တော်အမတ်တွေပေါင်းပြီးတော့ တပ်မတော်ကဖမ်းဆီးသွားတဲ့တင်းမရွာသားတွေ အတွက် တရားမျှတမှုကိုရရှိစေရန် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူ့အခွင့်အရေးကော်မရှင်ကိုတိုင်ကြားစာ ပို့ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ တစ်စုံတစ်ရာတုန့်ပြန်လာတာမျိုးမရှိဘူး။ တင်းမကိစ္စလိုမဟုတ်ဘူး မတ်လက ကျောက်တော်မြို့နယ်မှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ကျွန်တော်တို့ကသူတို့ဆီကို တိုင်ကြားစာတင်တယ်။ ဘာတစ်ခုကိုမှအကြောင်းမပြန်ဘူး”ဟု ပြောသည်။
တပ်မတော်မှဖမ်းဆီးသွားသည်ဟု မိသားစုဝင်များ၏ ပြောဆိုချက်နှင့် ပတ်သက်၍ တပ်မတော်ဖက်မှတုန့်ပြန်မှု ကိုရရှိရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ ပေမယ့် ဖုန်းပိတ်ထားသဖြင့်အဆက်အသွယ်မရရှိခဲ့ပါ။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားစာ ပေးပို့ထားသည့်ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်ကို Western News က ဆက်သွယ်ခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြေဆိုခြင်းမျိုးမရှိခဲ့ပါ။
စစ်ရေးပဋိပက္ခအတွင်း ကျောက်တော်မြို့နယ်၌ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ယခုနှစ် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ အရပ်သားသေဆုံးသူဦးရေ ၅၀ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၂၁၆ ဦးနှင့် စစ်ကြောရေး အတွင်း ဖမ်းဆီး/ပျောက်ဆုံးသွားသူဦးရေ ၁၀၅ ဦးအထိရှိသည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏အချက်အလက် အရ သိရှိရသည်။
https://www.facebook.com/khitthitnews/posts/1071203293317016?__cft__[0]=AZXGTb04UuYn0pyhNlAmqrp09LWdCVJaSRl2pTikuVfwztxiu8cgmLZuIApEU98EkF2OUE4vxW8wKBYnKC3gE7qFDjgd4tpeZbPns-MZpUYyeiRXpgUKonNuNZNVRl_yGyd8QoZ_i1FD35k6RTc7qMjb&__tn__=%2CO%2CP-R

No comments:

Post a Comment