မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာဟိုဟေးဆာဆာကာဝါသည် နိုဝင်ဘာလ ၂၈ ရက်နေ့က တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
ထို့အပြင် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်သည် ရခိုင်အမျိုးသားပါတီ (ANP) နှင့်လည်း တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ The Lasdies News က ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေအား နိုဝင်ဘာ ၂၉ က ဆက်သွယ်မေးမြန်းထားပါသည်။
မေး - မနေ့ကတုန်းက ဆရာမတို့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါတို့ တွေ့ဆုံတယ်လို့ သိရတယ်ခင်ဗျ။ အဓိက ဘယ်လို အကြောင်းအရာမျိုးတွေကို ဆွေးနွေးကြလဲ ခင်ဗျ။
ဖြေ - သူကတော့ သုံးချက်ပေါ့။ ပထမအချက်ကတော့ ၉ မြို့နယ် ပြန်လည်ကျင်းပဖို့အခြေအနေကိုပေါ့နော်။ ပြည်သူတွေရဲ့အခြေအနေကို လာကြည့်တယ်ဆိုတာကတစ်ချက်ပါ။ နောက်တစ်ချက်ကတော့ရွေးကောက် ပွဲကနေစပြီးတော့ ငြိမ်းချမ်းရေးလမ်းစပေါ်နိုင်အောင် ဆိုပြီး သူပေါ့နော်။ ကြိုးစားပေးဖို့ တစ်ချက်။ နောက် တစ်ချက်ကတော့ လူသားချင်းစာနာမှုမှာလည်း တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကျွန်မတို့ဘက် က စစ်ဘေးရှောင်တွေကို လှူဖို့ဒေါ်လာနှစ်သိန်း တန် ဖိုးရှိတဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို သူ လှူပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်ကို လာတယ်လို့ပြောပြပါတယ်။
မေး - ဆရာမတို့ဘက်ကရော မစ္စတာဆာဆာကာဝါ ကို ဘာတွေ ပြန်ဆွေးနွေးလဲ ခင်ဗျ။
ဖြေ - ကျွန်မတို့ကလည်း သူ ဒီကိုလာတာကို ကျွန်မတို့အနေနဲ့ ကြိုဆိုတဲ့အကြောင်းပြောပြပါတယ်။ ရခိုင့်ပြည်နယ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်း တအား နောက်ကျတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့အတွက် ကျွန်မတို့ဘက်မှာ လိုအပ်နေတဲ့ စက်ရုံတွေဆိုတာလည်း လုံးဝ မရှိဘူးပေါ့လေ။ လူသား အရင်းအမြစ်တွေ ဒီမှာရှိနေပြီးတော့စက်ရုံတွေမှာ အလုပ်,လုပ် ဖို့အတွက် စက်ရုံတွေမရှိတဲ့အကြောင်းတွေပေါ့လေ။
နောက်တစ်ခါ ကျွန်မတို့ဘက်က သူတို့ကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဒီလိုပစ္စည်းတွေ လှူဒါန်းတဲ့အတွက်ကြောင့်ရော၊ နောက်တစ်ခါ ကျွန်မတို့ ရခိုင်ပြည်နယ်ကို သူ့အနေနဲ့ စိတ်ဝင်တစားနဲ့ ရွေးကောက်ပွဲမလုပ်ခဲ့တဲ့ နေရာတွေကို နိုင်ငံသားတွေ ရဲ့အခွင့်အရေးတွေမဆုံးရှံူးအောင် သူ့အနေနဲ့ ဝင်ရောက် ကြိုးစားပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ကျေး ဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
မေး - မစ္စတာဆာဆာကာဝါက ဂျပန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တပ်မတော်နဲ့ AA ကြားမှာ ကြားဝင်စေ့စပ် ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ အဲဒီအခြအနေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ ဘာတွေများဆွေးနွေးတာရှိလဲ။ ဆရာမတို့ဘက်ကရော ဘာတွေပြန်ဆွေးနွေးလဲ ခင်ဗျ။
ဖြေ - သူကလည်း ငြိမ်းချမ်းရေးကို ဖြစ်စေချင်တယ်။ ကျွန်မတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် သူလည်း ဘယ်လောက် အတိုင်းအတာအထိပေါ့နော်။ထဲထဲဝင်ဝင်ကိုတော့ ကျွန်မတို့ က မပြောဖြစ်ပါဘူး။ သူ့အနေနဲ့တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့တွေ့တယ်။နောက်ပြီးတော့ရွေးကောက် ပွဲလုပ်ပေးဖို့ တောင်းဆိုတယ်။ AAက တောင်း ဆိုပြီး တော့ တပ်မတော်ကလည်း ဒီလို ကြိုဆိုလိုက်တဲ့ အပေါ်မှာ သူ့အနေနဲ့ လည်းဝမ်းသာဆိုတဲ့ အကြောင်းပေါ့။
ဒီလိုပေါ့နော်။ လမ်းစပေါ်လာတယ်။ ရွေးကောက်ပွဲဖြစ်ဖို့ တစ်ဖက်နဲ့ တစ်ဖက် ကြိုဆိုတဲ့ပုံစံတွေဖြစ်လာတဲ့အတွက် ဒါသည် ငြိမ်းချမ်းရေးသွားဖို့ လမ်းစဖြစ်တဲ့အတွက် သူ့အနေနဲ့လည်း အတတ်နိုင်ဆုံးပေါ့။ ကျွန် မတို့ကလည်း ငြိမ်းချမ်းရေးကိုရအောင်တော့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အတိုင်းအတာတစ်ခုတော့ ကျွန်မတို့မပြောဖြစ်ဘူး။ ဒါပေမယ့် ငြိမ်းချမ်းကတော့ ရဖို့လိုအပ်တယ်ပေါ့လေ။
နောက်တစ်ခါ ကျွန်မတို့ရဲ့တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာဆိုရင်လည်း တိုက်ပွဲရှောင်တွေလည်း အများကြီးဖြစ်နေတယ်။ သူတို့ရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ ဝတ်ရေးတွေလည်း အခက်အခဲတွေရှိနေတယ်။ အဲဒီအတွက်ကြောင့်ပေါ့နော်။ ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုက်ပွဲတွေ အကုန်လုံးရပ်စဲဖို့။ ငြိမ်းချမ်းဖို့အတွက်ပေါ့နော်။ သူ့အနေနဲ့ လုပ်ပေးမယ်ဆိုရင် ကျွန်မတို့က ကျေးဇူး တင်တဲ့အကြောင်းကိုလည်း ပြောဖြစ်ခဲ့တာပါ။
မေး - မစ္စတာဆာဆာကာဝါက သူ့အနေနဲ့ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ဆွေးနွေးသွားသေးလည်း ခင်ဗျ။
ဖြေ - အဲဒါကိုတော့ ကျွန်မ ခုနက ပြောခဲ့သလိုပါပဲ။ သူ ဘယ်လောက်အဆင့်အထိ ဘယ်လိုလုပ်ထားလဲ။ အတိုင်းအတာအထိကိုတော့ ကျွန်မတို့ကို သူမပြောခဲ့ပါဘူး။ အဲလောက်အထိတော့ သတင်းကိုပေါ့နော်။ သူတို့လုပ်နေတဲ့ အတိုင်းအတာကိုတော့ အကြောင်းစုံချပြခဲ့တာမရှိပါဘူး။ သူတို့ဘယ်လောက် အတိုင်းအတာထိ လုပ်နေတယ်ဆိုတာကိုတော့ ကျွန် မတို့ဘက်ကလည်း မမေးပါဘူး။ ကျေးဇူးတင်ပါတယ် ဆိုတဲ့ အကြောင်းပဲပေါ့နော်။
ပထမဆုံးအနေနဲ့တော့ ရွေးကောက်ဖို့ပေါ့နော်။ ရွေးကောက်မယ့် နေရာ ၉ နေရာကိုတော့ သူ့အနေနဲ့ဖြစ်အောင် လုပ်ဖို့ပေါ့လေ။ အဲဒါကိုပဲ သူထည့်ပြောသွားတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတာလည်း သူက ဒီလိုမျိုးစကားကို ထည့်သွားတယ်။ ဒါပေမယ့် သူတို့ကြားထဲမှာ ဘယ်လောက်အတိုင်းအတာအထိ လုပ်ထားပြီဆိုတာကိုတော့ အဲလိုမျိုးတော့ ဆွေးနွေးခဲ့တာလည်း မရှိပါဘူး။
http://www.theladiesnewsjournal.com/news/mon-2020-11-30-0458/14112
No comments:
Post a Comment