Sunday, November 1, 2020

မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်နေ

 မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်နေ

အိမ်စိုးဖြူ

နိရဉ္စရာ၊ နိုဝင်ဘာ ၂/ ၂ဝ၂ဝ

လူပေါင်း ၂ဝဝဝ ကျော်ခိုလှုံနေသည့်  ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင် စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေသည်ဟု သတင်းရရှိသည်။

ကမ်းထောင်းကြီး စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေသည့် အမ်းမြို့နယ်၊ ဒါးလက်အလယ်ရွာမှ အမျိုးသမီး မသက်မာဝင်းက “နိုင်ငံတကာအဖွဲ့တွေက လာမလှူတာ ၂ လ ပြည့်တော့မယ်။ စားဖို့ ဆန်လည်း မရှိဘူး။ အခက်အခဲအတော်ဖြစ်နေတယ်။ အစ်မမှာက အမျိုးသား မရှိတော့ဘူး။ ကလေး တစ်ယောက် အမေပါ။ ရွာနားမှာတိုက်ပွဲဖြစ်လို့ ပြေးလာတာပါ။ ကိုဗစ်ရောဂါကြောင့် ကျပန်းအလုပ်တွေလည်း မလုပ်ရဘူး။ စခန်း တစ်ခုလုံး အခက်အခဲဖြစ်နေကြတယ်။ စားဖို့ဆန်မရှိတော့ဘူး။ အစိုးရကို အကူအညီပေးဖို့ ပြောချင်တယ်” ဟုပြောသည်။

မြေပုံမြို့နယ် ကမ်းထောင်းကြီးစခန်းတွင် စစ်ဘေးရှောင် လူဦးရေ ၂ဝဝဝ ကျော်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအလှူရှင်များမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများ မရရှိသည်မှာ ၂ လနီးပါးရှိနေပြီဖြစ်သည်ဟု ဆိုသည်။

ယခင် ရိက္ခာ မထောက်ပံ့သော်လည်း ပြင်ပထွက်ကာ ကျပန်း အလုပ် လုပ်၍ စားဝတ်နေရေးကို ဖြေရှင်း နိုင်သော်လည်း လက်ရှိတွင်ကိုဗစ်ရောဂါကြောင့် အပြင်တွင်လည်း အလုပ်ရှားကာ အခက်ကြုံနေရသည်ဟု သူမက ဆက်လက်ပြောဆိုသည်။

ကမ်းထောင်းကြီးမြို့အုပ်ချုပ်ရေးမှူးဦးမောင်ကျော်သန်းက “ ဒီလိုရှိပါတယ်။ WFP (ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့) က လာပေးလို့ရှိရင် စစ်ဘေးရှောင်တွေကို တိုက်ရိုက်လာပေးတာရှိပါတယ်။ ကျွန်တော်တို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနကပေးတာလည်း ရှိပါတယ်။ လောလောဆယ်တော့ ဒီလထဲမှာမရောက်သေးဘူးလို့တော့ ကြားသိနေရပါတယ်။ သို့သော် မြေပုံမြို့နယ်ကိုတော့ တင်ပြလို့ရှိပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့လေ။ အဆင်ပြေအောင်တော့ စီစဉ်ရမှာပေါ့”ဟုပြောသည်။

မြေပုံမြို့နယ် တစ်ခုလုံးတွင် စစ်ဘေးရှောင်များကို လာရောက်ထောက်ပံ့သည့် အလှူရှင်များ မရောက်ရှိသဖြင့် အခက်အခဲ ဖြစ်နေကြောင်း ကူညီရေး ဆောင်ရွက်နေသူ တစ်ဦးကလည်း ပြောသည်။

“ ကမ်းထောင်းကြီးစခန်းကတော့ မရတာ ၂ လဖြစ်တော့မယ်။ မြေပုံမြို့ပေါ်က စခန်း တွေမှာလည်း စားနပ် ရိက္ခာပြတ်တောက်လာပြီ။ မြို့နယ် အစိုးရတာဝန်ရှိသူတွေက  ပြည်နယ်ကချပေးမှ ရမယ်လို့ပြောတယ်။ ပြည်နယ်က ဘယ်တော့ ချပေးမလဲမသိသေးဘူး။ အခုလောလောဆယ်က ငတ်နေကြပြီ။ ကျွန်တော်တို့ အရင်က ပံ့ပိုးနိုင်တယ်။ အခုက ကိုဗစ်နဲ့ ဆိုတော့ အဆင်မပြေဘူး” ဟုပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းသို့ ဆက်သွယ်ရာ မြေပုံမြို့နယ် စစ်ဘေးရှောင် စခန်းများတွင် ရိက္ခာများလိုအပ်နေသည်ကို ကြားသိရကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋ္ဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သိန်းကျော် ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ၏ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ်ကာလတွင် အလုပ်လုပ်ပြီး ငွေလည်း မရှာနိုင်သလို အစိုးရ၊ နိုင်ငံတကာ အန်ဂျီအိုနှင့် လူမှု အဖွဲ့အစည်းများကလည်း စားနပ်ရိက္ခာများ မထောက်ပံ့ပေးပါက လုံးဝ အငတ်ဘေးကျရောက်နိုင်ကြောင်း  ၎င်းစစ်ဘေးရှောင်များက ပြောကြားသည်။

မြေပုံမြို့ပေါ်တွင် စစ်ဘေးရှောင်ဦးရေ ၃ဝဝဝ ခန့်ရှိကြောင်း၊ ယင်းစခန်းများတွင်လည်း စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီ ဖြစ်ကြောင်း ပြောသည်။

----------------------------

Unicode -


အိမျစိုးဖွူ

နိရဉ်စရာ၊ နိုဝငျဘာ ၂/ ၂ဝ၂ဝ












https://burmese.narinjara.com/.../5f9ffde38d5b5818df39dc1...


https://www.facebook.com/narinjara.info/posts/3752299251448791

No comments:

Post a Comment