ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီသလို နိုင်ငံ့ဥပဒေများနှင့်လည်း ကိုက်ညီခြင်းမရှိကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်၏ ထုတ်ပြန်ချက်သည် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်တချို့၏ တိကျရေရာ သေချာမှုမရှိသည့် ပြောကြားချက်းများကို အခြေခံထားသည် ဟု ဆိုသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ဖြစ်မြောက်ရေးကို အထောက်အကူ မပြုစေဘဲ၊ စိုးရိမ်စိတ်များ၊ မတည်ငြိမ်မှုများ ဖြစ်စေရေးကို အားပေးရာရောက်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ဦးဇော်ဌေးက ''တပ်မတော်ရဲ့ထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာမဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး'' ဟု ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၆)၊ ပုဒ်မခွဲ (က) အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပြဌာန်းထားကြောင်း ၎င်းက ပြောကြားသည်။
''နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ (၁)၊ ပုဒ်မခွဲ (င) အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ထားခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုလိုသည်။ တပ်မတော်သားအများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကြုံးဝင်ခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်' ဟု ဦးဇော်ဌေးကပြောကြားသည်။
ဆက်လက်၍ ဦးဇော်ဌေးက '' ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် လုံးဝပြဌာန်းထားခြင်း မရှိတာကို သတိပြုသင့်ပါတယ် '' ဟု ပြောကြားသည်။
လာမည့် ၂၀၂၀ ထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ငါးထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
http://www.theladiesnewsjournal.com/news/wed-2020-11-04-1204/13988
No comments:
Post a Comment