ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာ ကိုယ်စားလှယ်အများဆုံးအနိုင်ရထားတဲ့ ANP က မျှော်လင့်လို့ရနိုင်ပါ့မလား
ချစ်အိလှိုင်
နိရဉ္စရာ၊ နိုဝင်ဘာ ၂၅/၂ဝ၂ဝ
နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) သည် ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် (၇) နေရာဖြင့် အများဆုံးအနိုင်ရထားပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်တစ်နေရာ အပါအဝင် ၅ နေရာ အနိုင်ရရှိထားသည်။ ရခိုင့်ဦးဆောင်ပါတီ (AFP) မှာ ၂ နေရာနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှာ ၁ နေရာ အနိုင်ရထားသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလည်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် (၁၈) နေရာဖြင့် အများဆုံး ရွေးချယ်ခံခဲ့ရသော်လည်း ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် မရရှိခဲ့သလို ဝန်ကြီးချုပ်ကို မခန့်အပ်နိုင်ခဲ့ပေ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ (၂ဝဝ၈) ဖွဲ့စည်းပုံကို အသုံးပြုပြီး ပြည်နယ်အစိုးရနှင့် ဝန်ကြီးချုပ်ကို ဖွဲ့စည်း ခန့်အပ်ခဲ့ပေသည်။ အလားတူ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ရခိုင်အမျိုးသားပါတီ ( ANP)က ရခိုင်ပြည်နယ်လွှတ်တော်နေရာ (၂၂) နေရာဖြင့် အများစုကို အနိုင်ရရှိခဲ့သော်လည်း ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် မရရှိခဲ့သလို ဝန်ကြီးချုပ်ကို မခန့်အပ်နိုင်ခဲ့ပေ။ ယခုတစ်ကြိမ်တွင်လည်း မြို့နယ် (၈) ခု၌သာ ရွေးကောက်ပွဲကျင်းပရာ ၇ နေရာဖြင့် အများဆုံး အနိုင် ရထားသည်။ သို့အတွက် လာမည့် အစိုးရသက်တမ်းတွင် ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရထားသည့် ရခိုင် အမျိုးသားပါတီအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်နိုင်မည်လား။ ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကို ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါသည်။
မေး- ရခိုင်ပြည်နယ်မှာ ANP ပါတီက အများဆုံးအနိုင်ရရှိထားပါတယ်။ လာမယ့် အစိုးရ သက်တမ်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ရေးနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌရဲ့ အမြင်လေးကို သိချင်ပါတယ်။
ဖြေ- လောလောဆယ် ပြောမယ်ဆိုရင်- ဒီရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေ ဘယ်လို ပုံစံဖြစ်လာမလဲ ဆိုတဲ့အပေါ်မှာ နည်းနည်းမူတည်မယ်ထင်တယ်။ ဘာဖြစ်လို့ဆိုရင် အခုလက်ရှိ အာဏာရ ပါတီဖြစ်တဲ့ NLD ပါတီကလည်း တိုင်းရင်းသားပါတီတွေကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းထားတဲ့စာတွေ၊ အသိပေးတဲ့စာမျိုးတွေလည်း လိုင်းပေါ်မှာ တင်ထားတာတွေလည်း တွေ့တယ်။ အဲဒါကြောင့် အခုလက်ရှိ ကိုယ်စားလှယ် အများဆုံးအနိုင်ရသွားတဲ့ လက်ရှိ အာဏာရ NLD ပါတီရဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေအပေါ်မှာ ချမှတ်ထားတဲ့ သဘောထားအပေါ်မှာ အဓိကတည်မယ်။ လက်ရှိအခြေအနေမှာ NLD ရဲ့ တိုင်းရင်းသားပါတီတွေ အပေါ် သဘောထားက ပြောင်းလဲ လာတဲ့ ပုံစံတစ်ခုကိုတော့ တွေ့ရတယ်။ NLD ပါတီ အနေနဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ထိတွေ့ ဆက်ဆံမူတွေ အားနည်းခဲ့တဲ့ အခြေအနေတွေရှိခဲ့တယ်။ ဒီဟာကို NLD ကနေ ပြန်ပြီးသုံးသပ်တဲ့ အခြေအနေမျိုးရှိတဲ့ အတွက်ကြောင့်မို့ လက်ရှိဒီရွေးကောက်ပွဲအလွန်မှာ မြန်မာနိုင်ငံရေး အခင်းအကျင်းက တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိလာနိုင်တယ်လို့သုံးသပ်လို့ရတယ်။ အရင်တုန်းက ၂ဝ၁၅ အခင်းအကျင်းတုန်းကလို မဟုတ်ပဲနဲ့ ပုံစံ တစ်မျိုးမျိုးပြောင်းလဲလာရင်တော့ ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေက ဝန်ကြီးချုပ် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဘယ်သူဖြစ်လာနိုင်မလဲ၊ ဘယ်ပါတီကလူကို ခန့်မလဲ ဆိုတာကတော့ NLD က ထိပ်ပိုင်း ခေါင်းဆောင်တွေဘဲ သိပါလိမ့်မယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်တုန်းကလို သမ္မတကနေပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်ကို သူတို့ပါတီက လူကိုဘဲ ရွေးချယ်ခန့်မယ်ဆိုရင်လည်း ခန့်နိုင်တယ်။ အဲသလို ခန့်ရင်တော့ အခုလက်ရှိ ပုံစံအတိုင်းပဲ ဖြစ်ကောင်း ဖြစ်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ပြောလိုတယ်။
မေး- ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးအနိုင်ရရှိထားတဲ့ ဆရာတို့ ANP အနေနဲ့ကော ဝန်ကြီးချုပ်နေရာကို မျှော်မှန်းထားတာရှိပါသလား။ တောင်းဆိုသွားဖို့ကောရှိပါသလား။
ဖြေ- ကျွန်တော်တို့ကတော့ အခုလာမယ့် နိုင်ငံရေး အခင်းအကျင်း၊ လွှတ်တော်အခင်းအကျင်းနဲ့ အနိုင် ရရှိသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ နိုင်ငံရေးပေါ်လစီ အပြောင်းအလဲကို လေ့လာ သုံးသပ်နေဆဲ ဖြစ်တယ်။ NLD အစိုးရရဲ့ ပြောခွင့်ရသူတွေက အမျိုးသားညီညွတ်ရေးအစိုးရလိုမျိုး National Unity Government မျိုးထုတ်ဖော်ပြောဆိုလာတာတွေရှိတယ်။ National Unity Government ကို ဘယ်လိုပုံစံဖွဲ့မယ်ဆိုတဲ့ ပုံစံမျိုးက အသေးစိတ်ကတော့ ထွက်မလာသေးဘူး။ ဒီတော့ လောလောဆယ် ပြောဖို့ နည်းနည်း စောနေသေးမယ်။ NLD တာဝန်ရှိသူတွေက ANP အပေါ် ဘယ်လို သဘောထားတယ်ဆိုတာလည်း တိတိကျကျ မသိရသေးဘူး။ သူတိုရဲ့ သဘောထားကိုလည်း တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုးလည်း မရှိသေးဘူး။ ပြောဆိုဆွေးနွေးလာမှ ဒီအပေါ်မှာ မူတည်ပြီး အဲဒါကိုကျွန်တော်တို့ ဒီအခင်းအကျင်းမျိုးမှာ ဘယ်လိုပါဝင်ရမယ်။ ဘယ်လိုအခင်းအကျင်းမျိုးမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် မူတည်ပြီးမှ အဲဒါကို ကျွန်တော်တို့ သေသေချာချာ ပြန်ပြောနိုင်မယ်။ အဲဒါကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီရွေးကောက်ပွဲအလွန် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ ပေါ်မှာသာ မူတည်နေသေးတယ်လို့ ဒီအဖြေကို ဒီလိုဘဲ ပေးလို့ရလိမ့်မယ်လို့ ပြောချင်တယ်။
မေး- ရခိုင်ပြည်သူတွေအများစုက ရခိုင်ပါတီကို မဲပေးကြတယ်။ ဒီအပေါ်မှာရော မဲဆန္ဒရှင်တွေ၊ မဲပေးခဲ့သူတွေကို ဆရာအနေနဲ့ဘာများပြောချင်ပါလဲ။
ဖြေ- ကျွန်တော်တို့ပါတီက မြန်မာနိုင်ငံက စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ၊ ကိုယ့်ကြမ္မာကိုယ်တိုင်ဖန်တီးခွင့် ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ဒီပါတီနိုင်ငံရေးကို ကျွန်တော်တို့ လုပ်ကိုင်နေတာဖြစ်တယ်။ ရခိုင်ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ ပါတီကို မဲပေးလိုက်တဲ့ ပြည်သူတွေအနေနဲ့ ဒီနိုင်ငံရေး ဖြစ်စဉ်ကြီးမှာ ကိုယ့် ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတဲ့နိုင်ငံမှာ အမျိုးသားတန်းတူ ညီညွှတ်ရေး ရရှိအောင် အခွင့်အရေး ရရှိအောင်အတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခင်းအကျင်းမှာလည်း လိုက်ပါပြီး ၊ ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ပေးကြပါလို့ ကျွန်တော်အဲဒီလိုပြောချင်ပါတယ်။
(ပြီး)
------------------------------------
Unicode -
နိရဉ်စရာ၊ နိုဝငျဘာ ၂၅/၂ဝ၂ဝ
https://burmese.narinjara.com/.../5fbdfd493f8935047dbb7854
https://www.facebook.com/narinjara.info/posts/3819415031403879
No comments:
Post a Comment