ပြည်နယ်အချို့တွင် စစ်ရေးဆိုင်ရာကိစ္စများ ကိုင်တွယ်ရာတွင် အပြစ်မဲ့သည့် အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည့်အပေါ် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဆင်ခြင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ABSDF အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ABSDF အဖွဲ့ တည်ထောင်ခြင်း ၃၂ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
ABSDF အဖွဲ့ကို ၁၉၈၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၀ နိုဝင်ဘာလ ၁ ရက်နေ့တွင် အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်သည့် ၃၂ နှစ်ပြည့်ပြီ လည်းဖြစ်သည်။
လက်ရှိ ၂၀၂၀ ပြည့်နှစ်ကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တုန့်ဆိုင်းလေးဖင့်နေမှု၊ စစ်ရေးပဋိပက္ခများမြင့်တက်နေမှုနှင့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များအပါအဝင် စိန်ခေါ်မှုများစွာကို ထိပ်တိုက်ရင်ဆိုင်နေရသည်ဟု သုံးသပ်ရကြောင်း ABSDF အဖွဲ့၏ ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ပြည်နယ်ဒေသများတွင် စစ်ရေးဆိုင်ရာကိစ္စရပ်များကို ပုံဖော်ကိုင်တွယ်ကြရာ၌ မလိုလားအပ်သည့် အပြစ်မဲ့အရပ်သား ပြည်သူလူထု၏ လူ့အခွင့်အရေး၊ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးနေကြရမှု၊ လူမမယ်ကလေးသူငယ်များနှင့် မျိုးဆက်သစ်လူငယ်များ ဖိတ်စင်နေကြရမှုများကို လည်း လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးအနေဖြင့် ဆင်ခြင်သုံးသပ်သည်ဟု အထူးအလေးထားဖော်ပြလိုကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းသို့ အဘက်ဘက်သော အခက်အခဲအကျပ်အတည်းများ၏ အောက်တွင် ကျင်းပရမည့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါသော ဤအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် သမိုင်းမှတ်တမ်း ပြုနိုင်ပါရန် အင်အားစုများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန်လည်း တိုက်တွန်းအပ်ကြောင်းလည်း ဖော်ပြပါရှိသည်။
ထို့ပြင် ABSDF အဖွဲ့၏ လက်နက်ကိုင်တော်လှန်ရေး ခရီးရှည် ၃၂ နှစ်တာ ကာလအတွင်း အခိုင်အမာ ရပ်တည်ရှင်သန်ရေးအတွက် အဘက်ဘက်မှ ဖေးကူဝန်းရံခဲ့ကြသည့် လူမျိုးပေါင်းစုံ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အတူတကွ ပူးပေါင်းလက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်တော်လှန်ရေးတွင် လက်တွဲတိုက်ပွဲဝင်ရင်း မကဒတ ရဲဘော်များနှင့်အတူ ကျဆုံးခဲ့ကြသည့် ညီနောင်မဟာမိတ်ရဲဘော် ရဲဘက်များကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
http://thevoicemyanmar.com/index.php/news/44266-sia
No comments:
Post a Comment