Tuesday, October 27, 2020

မိုင်းရယ်အုပ်စု ကျေးရွာတွေမှာ RCSS/SSA တပ်မတော်က ဆပ်ကြေးတောင်းခံခြင်း၊ လူသစ်စုဆောင်းမှုများ ပြုလုပ်နေ

 မိုင်းရယ်အုပ်စု ကျေးရွာတွေမှာ RCSS/SSA တပ်မတော်က ဆပ်ကြေးတောင်းခံခြင်း၊ လူသစ်စုဆောင်းမှုများ ပြုလုပ်နေ

မိုင်းနောင် | လားရှိုး ။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ် မိုင်းရယ်အုပ်စု ပန်ထွန်းကျေးရွာမှာ RCSS/SSA တပ်မတော်က အောက်တိုဘာလ ၂၈ရက် ဒီကနေ့နောက်ဆုံးထားပြီး ကျေးရွာသား အမျိုးသမီး(၅)ဦးနဲ့အမျိုးသား(၅)ဦး သွား ရောက် ပို့ဆောင်ပေးရမှာဖြစ်ပြီး မပို့ပေးနိုင်ပါက ပိုက်ဆံပေးဆောင်ရမယ်လို့ လာရောက်ပြောဆိုခဲ့တယ်လို့ ပန်ထွန်းကျေးရွာ ဒေသခံတစ်ဦးထံမှ သိရပါတယ်။‌

နာမည်စာရင်းအပြင် မိုင်းရယ်အုပ်စုက ကျေးရွာသုံးရွာဖြစ်တဲ့ ပန်ထွန်းကျေးရွာက ၄သောင်းကျပ်၊ နားလင်လိုင် ကျေးရွာက ၂၂ဝဝဝဝကျပ်နဲ့ လုပ်ခါးကျေးရွာ က ၁၈ဝဝဝဝကျပ်ကိုလည်း တစ်ပါတည်း ဒေသတွင်းနယ်မြေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ RCSS/ SSA တပ်ဖွဲ့ဝင်များရှိရာနေရာသို့ သွားရောက်ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ လည်းသိရပါတယ်။

လူသစ်စုဆောင်းမှု အခြေအနေတွေအရ ကျေးရွာသူရွာသားတွေရဲ့ စိုးရိမ်ထိန့်နေစွာ ရင်ဆိုင်နေရတာနဲ့ ပတ်သက် ပြီး အမည်မဖော်လိုသူ ပန်ထွန်းကျေးရွာသားတစ်ဦးက
"ခုသူတို့လူသစ်စုဆောင်းဖို့လာခေါ်နေပြီ။ ရွာမှာမိန်းကလေးငါးယောက်၊ ယောကျာ်းလေး ငါးယောက်တောင်း တယ်။ ရွာကလူတွေလည်း ဘယ်သူမှမသွားရဲဘူး။ သူတို့ခေါ်တာက အသက် ၁၈နှစ်က‌နေ ၄ဝကြားဖြစ်ရမယ်။ ၂၈ ရက်နေ့နောက်ဆုံး နင်တို့လာမပို့ရင် သူတို့အထက်လူတွေကို လာခေါ်ခိုင်းမယ်ဆိုပြီးပြောတယ်။ ခုရွာကလူတွေ လည်း စိုးရိမ်ပြီး တစ်ခုခုလာလုပ်မှာလည်း ကြောက်နေကြတယ်။"လို့မားနဂါး သတင်းဌာနကိုပြောပါတယ်။

အဆိုပါ ကျေးရွာအနီးအနားက တအာင်းကျေးရွာတွေမှာ RCSS/SSAတပ်မတော် လက်အောက်ခံ နယ်မြေခံ တပ်ဖွဲ့ဝင်တွေက တစ်လကို တစ်ကြိမ်အစည်းအဝေးခေါ်ယူပြီး ဆပ်ကြေးတောင်းခံမှုအပြင် လူသစ်စုဆောင်းမှု အတွက် ထည့်ပေးနေရတဲ့ အခြေအနေတွေ ရှိလို့နေတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။

ဒီကနေ့ လူနာမည်စာရင်းနဲ့ ပိုက်ဆံလာပို့ရင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားမှာကို စိုးရိမ်နေတဲ့ ပန်ထွန်းကျေးရွာဥက္ကဌက မားနဂါးသတင်းဌာနကို ခုလိုပြောပါတယ်။

" သူတို့ ပိုက်ဆံလာပို့ခိုင်းတယ် လူစာရင်းနဲ့ဒီနေ့နောက်ဆုံးလာပို့ခိုင်းတယ်။ လာမပို့ရင် ဥက္ကဌကို လာဖမ်းမယ်၊ စပါးရိတ်တဲ့ချိန်လည်းရောက်နေပြီး ထွက်ပြေးရင်လည်း အိမ်နဲ့ယာနဲ့ဆိုတော့ ဘယ်လိုထွက်ပြေးရမလဲ၊ ကြောက် တယ်။ ကျနော်လည်း ဥက္ကဌဖြစ်နေတော့ လာမပေးနိုင်ရင်တော့ ကျနော်ကို စစ်တပ်ထဲ ခေါ်သွားမယ်လို့ ပြောတယ်။ စာရင်းတွေသွားသွင်းခိုင်းတယ်ဆိုတော့ ရွာကလူတွေလည်း ကြောက်ကြ တယ် ဘယ်လိုသွား သွင်းရဲမလဲ ကျနော်လည်း ကြောက်တယ်။ တခြားရွာတွေတော့ အကုန်ထည့်ပြီးပြီ ကျနော်တို့ရွာနဲ့ နားလင်လိုင်ရွာ ပဲကျန်တယ်။ ရွာကလူတွေလည်း ကျနော်ကိုလာပြောကြတယ်။ သူတို့ဘယ်ချိန်လာဖမ်းသွားမလဲမသိဘူး ကြောက်နေကြတယ်။"

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၄ရက်နေ့မှာလည်း RCSS/SSA တပ်မတော်ဘက်ကနေ နားလင်လိုင်ကျေးရွာဥက္ကဌထံ စာတစ်စောင်ပို့ထားခဲ့ပြီး ပထမအချက်အနေနဲ့ ကျေးရွာသူကြီးကို အစည်းဝေးခေါ်တာ သုံး/လေးခေါက်ပျက်ကွက် တဲ့အတွက်ကြောင့် ဒဏ်ငွေ(၂၂၀၀၀၀)ကို အောက်တိုဘာလ ၁၉ရက်နေ့နောက်ဆုံးထားပြီး လာရောက်ပို့ပေးဖို့ဆို ပြီး ရေးသားထားတဲ့ စာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ ရွာလူကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။

ပန်ထွန်းကျေးရွာဥက္ကဌထံလည်း ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ရက်နေ့မှာ အကြောင်းကြားစာတစ်စောင်ပို့ထားပြီး အမျိုးသမီးလူငယ်၊ အမျိုးသားစာရင်းမပေးရတဲ့ ကျေးရွာတွေကို ပြီးအောင်လာထည့်ပေးဖို့ ၊ မထည့်ပေးနိုင်ပါက တစ်ဦးကို ဒဏ်ငွေ ၅သောင်းဆီ ထည့်ရမယ်လို့ ရေးသားပေးပို့ထားတဲ့ စာကို လက်ခံရရှိခဲ့တယ်လို့ သက်ဆိုင်သူ ကျေးရွာဒေသခံတွေကတဆင့် သိရပါတယ်။

အဆိုပါကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတစ်ဦးက
"အရင်ကတော့ ဆပ်ကြေးကောက်တာတွေတော့ရှိတယ်။ ကျနော်တို့ရောက်ရှိလာပြီးနောက်ပိုင်းမှာတော့ သူတို့ရွာထဲတော့လာတယ်။ ဒါပေမယ့် သူတို့က ဆပ်ကြေးတွေတော့ တောင်းတယ်။ တောင်းတော့လည်း ကျနော်တို့လည်း ကိုယ်နည်းကိုယ်ဟန်နဲ့ မပေးဘူးလို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ရှိစဉ်ကာလမှာ တော့ သူတို့ တစ်ခါမှ သွားမပေးဘူး ။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။

ကျေးရွာတစ်ရွာကို အနည်းဆုံးမိန်းကလေး(၅)ယောက်၊ ယောကျာ်းလေး(၅)ယောက်နာမည်စားရင်တွေကို ကျေး ရွာ လူပျိုအပျိုဆောင်ခေါင်းထံ စာရင်းပေးပို့ရမှာဖြစ်ပြီး ရွာကလူငယ်ခေါင်းဆောင်ကနေတဆင့် RCSS/SSA ထံပို့ ဆောင်ပေးရမယ်လို့ ပေးပို့ထားတဲ့ စာပါ အချက်အလက်တွေအရ သိရပါတယ်။

https://www.facebook.com/MarnagarMultimediaNews/posts/3957618310934031?__xts__%5B0%5D=68.ARBmzASgzVFnqaV4x0EG76Z4p62ceyZaMHHaSyFNudHtcvxwC31GkLKXR0IRAtzCGKaz1C4dcfYfM63msKCQlGquFg3glv3-r9fzKect2duL0JP903VVusac6wEWd-Fo6axqDHcnilWb4SO_bn7JoFJANd4ZBNCuI1FUNzE0MUaDX1uZOpdyU3zXUbBfecaUrDXcwAH8tKgAk9uphak9uZs4v2_mhJ49zfOe2fx3lyOv3dg3LmcKviy1gRs798MQmqUoCtSqjazRcdLgR_GhGnuY_gRay3vlEh4Q8_vasUCIWWsLUurBWtekdQaenEWKSZe8V_HfuIyjwYXwy8r5CfgKLQ&__tn__=-R

No comments:

Post a Comment