Thursday, October 29, 2020

ICRC ကြက်ခြေနီအဖွဲ့ ငှားလာသည့် စက်လှေ ဖျက်စီးခံရ၊ စစ်ရှောင်များအတွက် ရိက္ခာများ ဆုံးရှုံး

 ICRC ကြက်ခြေနီအဖွဲ့ ငှားလာသည့် စက်လှေ ဖျက်စီးခံရ၊ စစ်ရှောင်များအတွက် ရိက္ခာများ ဆုံးရှုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် ဆန်၊ စားနပ်ရိက္ခာများနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်လာသည့် စက်လှေတစ်စီး မီးရှို့ ဖျက်ဆီးခံခဲ့ရကာ စက်လှေအတွင်း ပါလာသူ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်မှ ဘူးသီးတောင်မြို့နယ်သို့ သွားသည့် အဆိုပါစက်လှေမှာ မင်းကျွန်းအနောက်ဘက် ကမ်း ထောင့်အနီး မေယုမြစ်ကြောင်းအတိုင်းသွားနေရာမှ အောက်တိုဘာလ ၂၈ ရက်နေ့ (ယနေ့) တွင် ရေတပ်မှ စစ်ဆေးပြီးနောက် မီးရှို့ ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စစ်တွေကနေ လာတဲ့ ဘုတ်ပေါ့၊ ဘူးသီးတောင်ကို သွားတာ၊ အဲ့မှာ ဆန်ပါတယ်။ ဆီတို့၊ ပဲတို့၊ အမျိုးသမီးသုံး ပစ္စည်းတွေဘာတွေ၊ တခြားအသုံးအဆောင်ပစ္စည်းတွေ ပါတယ်။ ကုမ္ပဏီတစ်ခုပိုင် ဘုတ်ပေါ့၊ အဲ့က ဘုတ်ကို ICRC က ငှားပြီးတော့ ဒီနေ့မနက်က ဘူးသီးတောင်ကို ပို့တာ။ အဲ့မှာကမ်းထောင့်နားကိုရောက်တော့ ရေတပ်က ရပ်တန့်ပြီး စစ်ဆေးတယ်။ အဲ့မှာ ဘာဖြစ်လဲတော့ မသိဘူး။ တကယ့် ပစ်ခတ်တာမဟုတ်ဘူးဗျ။ လှေကို ပစ္စည်း တွေပုံပြီး မီးရှို့လိုက်တယ်။ ပြီးတော့ ကမ်းကနေ လက်နက်ကြီးနဲ့ ပစ်တဲ့ပုံစံမျိုးလုပ်လိုက်တယ်။ ကျနော်တို့ အသေအချာပြောနိုင်တာက ရေတပ်က ရပ်တန့်ပြီးတော့ မီးရှို့လိုက်တယ်ဆိုတာ ပြောနိုင်တယ်ပေါ့နော်” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက် ပြော သည်။

“စက်လှေထဲ လူဘယ်လောက် ပါတယ်ဆိုတာတော့ ကျနော်တို့ အတိအကျမသိဘူး။ တစ်ယောက်ကတော့ ရေ ထဲခုန်ချပြီး ထွက်ပြေးလို့ လွှတ်သွားတာရှိတယ်။ အဲ့လူက ပြင်ဝန်းကျေးရွာကို ရောက်နေတယ်လို့ သိရတယ်။ နောက်ပြီး တစ်ယောက်တော့ ပွဲချင်းပြီး ဖြစ်စဉ်ထဲမှာပဲ သေသွားတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရတယ်။ စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ထားတယ်။ အဲ့နှစ်ယောက်ထဲကလည်း တစ်ယောက်က အခြေအနေ မကောင်း ဘူး။ မီးလောင်ဒဏ်ရာတွေကြောင့်ပေါ့ဗျာ။ လူတွေ စက်လှေထဲမှာ ရှိနေချိန်မီးရှို့တာလား၊ လက်နက်ကြီးနဲ့ ပစ် တာလား ဆိုတာတော့ အတိအကျမသိရသေးဘူး။”

ရသေ့တောင်မြို့နယ်အတွင်း အောက်တိုဘာလ ၂၆ ရက်နေ့ က စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည် ဟုလည်း ရသေ့တောင်ဒေသခံများနှင့် စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

ယနေ့ဖြစ်စဉ်အတွင်း ဒဏ်ရာရ လူနာများအား ဆေးရုံပို့ပေးခဲ့သည့် ဒေသခံတစ်ဦးက “နေဗီက ပစ်တာ။ အဲ့ထဲ မှာ တစ်ယောက်တော့ မီးထဲမှာ သေနေခဲ့တယ်။ ထုတ်လို့မရခဲ့ဘူး။ နှစ်ယောက်တော့ သယ်ထုတ်နိုင်ခဲ့တယ်။ စေတီ ပြင်ဆေးရုံကို မနက်က ပို့တယ်။ အခု သူတို့အခြေအနေက အရမ်းစိုးရိမ်ရလို့ စစ်တွေဆေးရုံကို သွားနေ တယ်။ အခုက ရက်ပိုင်းက ရသေ့တောင်ကနေ ဘူးသီးတောင်မြို့နယ် ဖြတ်ဖောက်ထားတဲ့ ကျော်လမ်းမှာ တိုက် ပွဲတွေဖြစ်တယ်။ ၂၆ ရက်နေ့ကဆို သုံးနေရာလောက်ဖြစ်တယ်။ ကျောက်တန်းဘက်မှာလည်း ခနခန ဂျက်လေ ယာဉ်တွေနဲ့ လာပစ်နေတာပဲ။ ဒီနေ့ဖြစ်တာကတော့ သီးခြား၊ မြစ်မှာသွားနေတဲ့ ICRC က ရိက္ခာပစ္စည်းပို့တဲ့ မော် တော်ဘုတ်ကို နေဗီကနေပြီး ပစ်တာ။ စစ်ရှောင်တွေအတွက် ပစ္စည်းတွေလို့ ပြောတယ်။ အဓိက စားသုံးကုန် တွေပါတယ်လို့ ပြောတယ်။ ရသေ့တောင်မှာတော့ အခုက တိုက်ပွဲတွေ ပြင်းထန်တယ်ဗျ။ ဒီနေ့လည်း အောင် သာစည်၊ ကျောက်တန်း ဘက်တွေကို ဂျက်နဲ့လာပစ်တယ်” ဟု ပြောသည်။

တစ်လလျှင် တစ်ကြိမ် ယခုကဲ့သို့ စစ်တွေမြို့မှ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ရှောင်များအတွက် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) အနေဖြင့် ရိက္ခာများ ပို့ဆောင်ပေးလျက်ရှိခဲ့ရာ ယခုကဲ့သို့ ပစ်ခတ်ခံရ ခြင်း သည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “သူကပုံမှန်ပို့နေကျရိက္ခာ၊ တစ်လတစ်ကြိမ်ပို့နေကျပါ။ အရင်တုန်းတော့ ဒီလိုမျိုး ပစ်ခတ်ခံရတာမရှိဘူး။ စစ်တပ်က ပစ်လိုက်တာဗျ။ မေယု မြစ်မှာ ရေတပ်သင်္ဘောတွေအများကြီးရှိတယ်။ အဲ့မှာ ကင်းလှည့်စစ်ဆေးတဲ့ ရေယာဉ်တွေလည်း ရှိတယ်ဗျ။ အဲ့ လိုစစ်ဆေးရင်းနဲ့ ဖြစ်တယ်လို့ ပြောတယ်။ ဒီရက်ပိုင်းက ဒီရသေ့တောင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာရှိတယ်။ ဒီနေ့ မနက်မှာလည်း ဖြစ်တယ်။ ရသေ့တောင်မြို့နယ်ထဲဖြစ်တာဗျ၊ ဘူးသီးတောင်ကို သွားတဲ့ ဘုတ်ပေါ့ဗျာ။ ကျနော်တို့ ဒီ ICRC က ပို့တဲ့ပစ္စည်းတွေဆိုရင် သူတို့ရဲ့ လိုဂို သင်္ကေတတွေပါမယ်။ ဖြစ်နိုင်တာကတော့ ဒီလှေကို ရပ်ခိုင်းတယ်၊ မရပ်လို့ မသင်္ကာလို့ ပစ်လိုက်တယ်၊ AA တွေပါတယ်၊ မီးရှို့ လိုက်ရတယ် အဲ့လိုမျိုး စသဖြင့် ဒီလို အသွင်ပြောမယ်လို့ မြင်တယ်” ဟု ပြောသည်။

ယခုဖြစ်စဉ်မှာ အမှန်တကယ် တပ်မတော်ဘက်က ကျူးလွန်သည်ဆိုပါက စစ်ရာဇဝတ်မှုမြောက်သည်ဟုလည်း ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။

“တပ်ကနေပြီး IDPs ပဲ ပို့ပို့၊ ဒုက္ခသည်တွေကိုပို့ပို့၊ တခြားကိုပဲ ပို့ပို့၊ တပ်ကမကြိုက်တဲ့အနေအထားမှာ ရှိတယ် ဗျ။ လူထု၊ စစ်ဘေးရှောင်တွေကို ပို့တာမျိုး ရိက္ခာပို့တာမျိုးတွေကို လုံးဝမကြိုက်ဘူး။ မတတ်သာလို့ ကြည့်နေရ တဲ့ ပုံစံမျိုးဗျ။ သူတို့က ပြည်သူလူထု စစ်ဘေးရှောင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေလို့ အဲ့လိုမျိုး ယူဆတာမျိုး မရှိဘူး။ အခြေအနေပေးရင် သူတို့က လက်မခံချင်တဲ့ ပုံစံမျိုးမှာရှိတယ်။ ဒီလိုကိစ္စတွေ တကယ်ပဲ တပ်က ကျူး လွန်တယ်ဆိုရင် ဒါက တကယ့်ကို စစ်ရာဇဝတ်မှုပဲ ဟုတ်တယ်မဟုတ်လား။ တိုက်ပွဲတွေကြားမှာ ဒုက္ခရောက်နေ တဲ့သူတွေကို အသက်ဆက်ဖို့အတွက် သွားပို့တဲ့ ရိက္ခာတွေကို ဖျက်ဆီးတယ်ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှု လည်း ဖြစ်တယ်။ စစ်ရာဇဝတ်မှုလည်း မြောက်တယ်။ လုံးကို လက်မခံနိုင်စရာပဲ။”

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားက “လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ICRC ထောက်ပံ့ရေး ရေယာဉ်ပစ်ခတ်ခံရမှု သတင်းမှာ မှန်ကန်မှုမရှိ၊ အဆိုပါစက်လှေမှာ AA အကြမ်းဖက် သောင်း ကျန်းသူများ စီးနင်းလာသည့်စက်လှေသာဖြစ်၊ စက်လှေပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ရေယာဉ်ပေါ်တွင် လိုက် ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများ စီးနင်းလာသည့် စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း နစ်မြုပ်သွားခဲ့သည်” ဟု ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ်၊ မင်းကျွန်းအနောက်ဘက် ကမ်းထောင့်အနီး မေယုမြစ်ထဲတွင် ခုတ်မောင်းနေသည် IDPs များအတွက် ဆန်ရိက္ခာနှင့် အခြားပစ္စည်းများတင်ဆောင်လာသည့် စက်လှေဘုတ်တစ်စီး မီးရှို့ ဖျက်ဆီးခံရသည့် ဖြစ်စဉ်မှာ ဒေသခံများ၊ ဒေသအတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ပြောပြချက်များနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်မှာ ကွဲလွဲလျှက်ရှိသည်။

http://www.nmg-news.com/2020/10/28/12315

No comments:

Post a Comment