Wednesday, October 28, 2020

မေယုမြစ်အတွင်း သွားလာနေသည့် ICRC ရိက္ခာထောက်ပံ့ ရေယာဉ် ပစ် ခတ် ခံရပြီး ၁ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရ၊ ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ICRC အငှားမော်တော်ရေယာဉ် ပါဝင်ဟု ICRC သတင်းထုတ်ပြန်

 မေယုမြစ်အတွင်း သွားလာနေသည့် ICRC ရိက္ခာထောက်ပံ့ ရေယာဉ် ပစ် ခတ် ခံရပြီး ၁ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရ၊ ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ICRC အငှားမော်တော်ရေယာဉ် ပါဝင်ဟု ICRC သတင်းထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကံပြင်ကျေးရွာအနီး မေယုမြစ်အတွင်း ယနေ့ နေ့လယ် ၁၁နာရီ ၄ဝခန့် အချိန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ICRC အဖွဲ့က ငှားရမ်းထားသော ရိက္ခာထောက်ပံ့ရေး ရေယာဉ် တစ်စီးပစ်ခတ်ခံခဲ့ရပြီး လှေပေါ်လိုက်ပါလာသူ ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ ဒဏ်ရာရတာ ၄ယောက်ပေါ့။ ၂ယောက်က ဒဏ်ရာပြင်းထန်တယ်။ သေဆုံးသွားတာက ၁ယောက်ပေါ့။ ကျန်တဲ့တစ်ယောက်ကတော့ ဒဏ်ရာမပြင်းထန်ဘူးပေါ့။ အကုန်လုံး အမျိုးသားတွေပါ။ အခုစေတီပြင် တိုက်နယ်ဆေးရုံမှာ ။ ၂မိုင် ၃မိုင်ပဲဝေးတယ်။ အနီးဆုံးပဲ အဲမှာ တင်ထားတယ်။ လက်နက်ကြီးလို့ပြောတယ်။ ဒေသခံတွေ ပြောတာကတော့ လက်နက်ကြီးပဲ အဲဒါတော့ သေချာတယ်။ လက်နက်ကြီးထိပြီးတော့ လှေက မီးလောင်တယ်။ ပေါက်ကွဲတယ်။ အခုဒဏ်ရာရတဲ့သူတွေမှာ မီးလောင်ဒဏ်ရာလည်းပါတယ်။ လက်နက်ကြီးကျည်ဆန်တွေလည်း တွေ့ရတယ်လို့ ဒေသခံတွေပြောတယ်။ ဘယ်အဖွဲ့အစည်းကပစ်တယ်ဆိုတာတော့ ကျနော် မသိဘူး။ တချို့ဒေသခံတွေကတော့ Navy (တပ်မတော်ရေယာဉ်) ကပစ်တယ်လို့လည်း ပြောတယ် ” ဟု ၎င်းကပြောဆိုသည်။
လက်နက်ကြီးထိမှန်သော ICRC ရေယာဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများမှာ ဦးမောင်သန်းဝေ ၃၅ နှစ်၊ ဦးကြာအေးချမ်း ၄၉ နှစ်၊ ဦးလှဝေမောင် ၃၅ နှစ်တို့ဖြစ်ပြီး သေဆုံးသူမှာ အသက် ၁၈နှစ်အရွယ် မောင်ဇော်ဝင်းထွန်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူတွင် မီးလောင်ဒဏ်ရာများနှင့်လက်နက်ကြီး ကျည်ဆန်ထိမှန်သော ဒဏ်ရာများရှိကြောင်း ဒေသခံများကို ကိုးကား၍ ဦးခင်မောင်လတ်ကပြောဆိုသည်။
“ ICRC ကပစ္စည်း သွားပို့တာ ရသေ့တောင်နဲ့ ဘူးသီးတောင်ကို ။ အဲဒီ စခန်း ၂ ခုက နီးနီးလေးပဲ သူက ရသေ့တောင်မှာလည်း ပစ္စည်းချတယ်။ အဓိကက ရသေ့တောင်မြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားတာ အဲတာဆုံးရင် သူကဘူးသီးတောင်နယ်စပ် ဘူးသီးတောင်ဒုက္ခသည်စခန်းနဲ့ နီးနီးလေး သူတို့သွားတာ ရသေ့တောင်ကျော်သွားပြီလေ ရသေ့တောင်ကို ဝင်ခဲ့တယ်လို့ပြောတယ်။ ရသေ့တောင်မှာ ပစ္စည်းချပြီး ခရီးဆက်တာပေါ့။ ဘူးသီးတောင်ကိုတောင် သူတို့မရောက်သေးဘူးပေါ့။ ဖြစ်တာက ကံပြင်ကျေးရွာနားပေါ့။ သေဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေမှာ မီးလောင်ဒဏ်ရာတွေနဲ့ လက်နက်ကြီး ကျည်ဆန်ဒဏ်ရာတွေတွေ့ရတယ်လို့ ဒေသခံတွေ ပြောတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ICRCရုံး သို့ ဆက်သွယ်မေးမြန်းသည့်အခါ မြေပြင်အခြေအနေများကို အတည်ပြုနေဆဲဖြစ်သောကြောင့် ဖြစ်စဉ်ကို အသေးစိတ် အတည်မပြုနိုင်သေးဟု ပြောဆိုသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ကလည်း ယနေ့နေ့လယ် ၁၁ နာရီ ၄၄မိနစ်ခန့်တွင် ရသေ့တောင်မြို့နယ်၊ မင်းကျွန်းအနောက်ဘက် ကမ်းထောင့်အနီး မေယုမြစ်ထဲတွင် ခုတ်မောင်းနေသော IDP များအတွက် ဆန်ရိက္ခာနှင့် အခြားပစ္စည်းများတင်ဆောင်လာသည့် ဘုတ်တစ်စီး လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း၊ စက်လှေမှာ ဘူးသီးတောင်မြို့ရှိ IDP Camp များသို့ ဆန်နှင့် အခြားပစ္စည်းများပို့ဆောင် ဖြန့်‌ဝေရန် စစ်တွေမြို့ရှိ ကုမ္ပဏီတစ်ခုပိုင်စက်လှေဘုတ်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ငှားရမ်းပို့ဆောင်စေခြင်း ဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်ထိမှန်မှုကြောင့် လှေပေါ်ပါလာသူ (၁) ဦး ပွဲချင်းပြီး‌သေဆုံးပြီး (၂) ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း ၊ မီးလောင်ဒဏ်ရာရသူ (၂) ဦးကို စေတီပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနကယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြား ရေး အဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီးတွင် ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC အကူအညီများ သယ်ယူပို့ဆောင်ပေးနေသည့် အငှားမော်တော်ရေယာဉ်တစ်စင်း ပါဝင်ကြောင်း ICRC က အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ICRC ၏ အဓိက စိုးရိမ်မှုမှာ ဖြစ်စဉ်တွင် ဒဏ်ရာရရှိသွားသော စက်လှေဝန်ထမ်းများ ဆေးကုသနိုင်ရေးအတွက် အကူအညီနှင့်အထောက်ပံ့များ အချိန်မီ ရရှိစေရန်၊ ICRC အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆက်သွယ်ကာ အခြေအနေကို ဆက်လက်လေ့လာသု သုံးသပ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် စစ်တွေ မှ ICRC ကွင်းဆင်းလုပ်ငန်းခရီးစဉ်များနှင့် ရသေ့တောင်မြို့တွင် ယင်းလုပ်ငန်းများကို သတင်းတစ်စုံတစ်ရာ ထပ်မံ မထုတ်ပြန်သေးသည့်အချိန် အထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ICRC သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ ပစ်ခတ်ခံရသော စက်လှေသည် ICRC စက်လှေမဟုတ်ဘဲ AA စက်လှေဖြစ်ကြောင်း ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ် ၃ စီးသည် ယနေ့နံနက်ပိုင်းတွင် အောင်ဇေယျကျေးရွာမှ ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျ ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ မင်းကျွန်းအနီးသို့အရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့်မောင်းနှင်လာသော အလျားပေ ၄၀ ၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA များစီးနင်းလာသည့် စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း နစ်မြုပ်သွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ICRC မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါစက်လှေသည် ICRC စက်လှေမဟုတ်ကြောင်းသိရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်ရှိပါကလည်း သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများသို့ ကြိုတင်အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက်ရှိသည့်အပြင် လုံခြုံရေးအဖွဲ့များကလည်း လိုအပ်သည်များ ကူညီပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ် ပစ်ခတ်ခံရသည်ဆိုသည့် လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော သတင်းမှားများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် သတင်းမှန်အားသိရှိနိုင်ရန် ထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။

https://web.facebook.com/khitthitnews/posts/1048844372219575?__cft__[0]=AZWW_PaksaIAwl7hDHFRMG8cIZxrf2ixMatKUR_tjJiLHLFOI1e51b2uKL7Koo_FVavxevy55EqriXIOIWR9FsRhL2GHjdYNAiYkWZ6eL2WtMTCb7aUQMDknhltQQBoOjIeVgMp8tsPQZAAe69RFH0Qf&__tn__=%2CO%2CP-R

No comments:

Post a Comment