Wednesday, October 28, 2020

မေယုမြစ်အတွင်း ခုတ်မောင်းလာသော စက်လှေတစ်စီးအား တပ်မတော်ရေတပ် ပစ်ခတ်၍ စက်လှေပေါ်ပါသူ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

 မေယုမြစ်အတွင်း ခုတ်မောင်းလာသော စက်လှေတစ်စီးအား အောက်တိုဘာ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က တပ်မတော်(ရေ)၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့်မီးလောင်နစ်မြုပ်ကာ လှေပေါ်တွင်ပါလာသူ ၄ ဦးအနက် ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

ရေယာဉ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီကယ်ဆယ်ခဲ့သူများ နှင့် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်အမှတ် (၃)မှ လွှတ်တော်ကိုယ်စားလှယ်က အဆိုပါ ရေယာဉ်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC)က ထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်သည့် ရေယာဉ်ဖြစ်သည်ဟု ပြောဆိုကြသည်။

သို့သော် တပ်မတော်က အောက်တိုဘာ ၂၈ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်တွင် တပ်မတော်(ရေ)က ပစ်ခတ်လိုက်သော စက်လှေတစ်စီးသည် ICRC ထောက်ပံ့ရေးပစ္စည်းများတင်ဆောင် လာသည့် ရေယာဉ်မဟုတ်ဘဲ ရခိုင်လက်နက်ကိုင်(AA) အဖွဲ့ဝင်များ စီးနင်းလာသော ရေယာဉ်ဖြစ်ကြောင်း အခိုင်အမာဖော်ပြခဲ့သည်။

တပ်မတော် စစ်ရေယာဉ်သည် ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျ ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ မင်းကျွန်းအနီးအရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့်မောင်းနှင်လာသော အလျားပေ ၄၀ ၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA အဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ရေ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါစက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က ဆိုသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ICRC မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါစက်လှေသည် ICRC စက်လှေ မဟုတ်ကြောင်းသိရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်ရှိပါကလည်း သက်ဆိုင်ရာပြန်လည်ညှိနှိုင်း ရေးကော်မတီများသို့ ကြိုတင်အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက်ရှိသည့်အပြင် လုံခြုံရေးအဖွဲ့များကလည်း လိုအပ်သည်များ ကူညီပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

https://myanmar.mmtimes.com/news/145750.html

No comments:

Post a Comment