Saturday, October 3, 2020

ပလက်၀တွင် ဆန်လုံးဝပြတ်လပ်ပြီ

 ပလက်၀တွင် ဆန်လုံးဝပြတ်လပ်ပြီ

အောက်တိုဘာ ၃ ---
လုံခြုံရေးအကြောင်းပြုပြီး ယခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ကစတင်ပြီး ပလက်ဝမြို့နယ်အတွင်း ကုန်လမ်း၊ ရေလမ်းအားလုံးကို သွားလာခွင့် ထိန်းချုပ်ပိတ်ဆို့ထားခဲ့ပြီး ဆန်နှင့် ကုန်စည်များပြတ်လပ်မှုဒါဏ်ကို ဆိုးဝါးစွာ ခံစားနေရာမှ ယခုအခါ ကိုဗစ်ရောဂါကကွယ်ရေးကို အကြောင်းပြုပြီး ကျောက်တော်မြို့မှတောလမ်းမှတဆင့် တနိုင်တပိုင်ထမ်းသယ်လာကြသော ကုန်စည်နှင့် ဆန်များကိုလည်း လမ်းခုလပ်တွင်တားဆီးမှုများကြုံတွေ့ရခြင်းကြောင့် ယခုအခါ ပလက်ဝမြို့နယ်အတွင်း လူဦးရေ ၆၀၀၀၀ ခန့်မှာ စားစရာဆန်လုံး၀ ပြတ်လပ်နေပြီဖြစ်သည်။
“အရင်က လမ်းတွေပိတ်ပေးမယ့် ပီချောင်း-မွန်ထောင့်တောလမ်းကနေ တချို့သယ်လို့ရတဲ့အနေအထားမှာရှိတဲ့အခါကျတော့ စျေးများပေမယ့် ကုန်တွေ နဲနဲပါးပါး၀ယ်လို့ရသေးတယ်။ အခုက ကိုဗစ်ရောဂါပါလာမှာစိုးလို့တဲ့ တောလမ်းကနေ ကုန်သယ်တဲ့သူတွေကို တားထားကြတယ်။ သွားခွင့်မပေးတော့ဘူး။ ဟိုတစ်ခါ အယောက် ၄၀ကျော်ကို ဖမ်းကတည်းကစတာပါ။ ကိုဗစ်ရောဂါထက် ဆာလောင်ပြီးသေရမှာကို လူတွေက ပိုကြောက်နေရတဲ့အတွက် အရဲစွန့်ပြီး တောလမ်းကနေ ကုန်တွေထပ်ပြီးသွားသယ်ကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း လာသမျှကိုဖမ်းတယ်လို့ ပြောကြပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
လမ်းတွင်သိမ်းသွားသောကုန်များပြန်မရတော့သည့်အတွက် အခုနောက်ပိုင်း တောလမ်းမှ ကုန်ထမ်းသွားရန်လည်း အများက မလုပ်လိုကြတော့ကြောင်း သိရသည်။
အငတ်ဘေးကြောင့် သူများစိုက်ခင်းက ၀ဥများကို ခိုးယူခြင်းပြစ်မှုတိုင်းကြားချက်များလည်း ရှိနေပြီဟုလည်း ယင်းကပြောသည်။
“အငတ်ဘေးရဲ့နောက်ဆက်တွဲက ခိုးတာပဲ။ ဟိုတနေ့က သူများ၀ဥခင်းထဲက ၀ဥတွေခိုးတူးလို့ဆိုပြီး အခင်းပိုင်ရှင်က သက်ဆိုင်ရာတွေဆီတိုင်ပြီး အခင်းဖြစ်သေးတယ်။ အရင်က ဒါမျိုး မရှိဘူး။ အခုလူတွေက ငတ်လာကြပြီ ဒီထက်ပိုဆိုးဖို့ပဲ ရှိတော့တာ” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် နေရာအနီးအဝေးကိုမူတည်ပြီး ဆန်တစ်အိတ်ကို ၆၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်အထိ စျေးရှိနေပြီး၊ အဆိုပါစျေးနှင့်ပင် ၀ယ်ယူစရာဆန်ပြတ်လပ်နေသည်က ဒုက္ခပိုဆိုးရွားလာခြင်းဖြစ်သည်။
စက်တင်ဘာ (၁၈)ရက်နေ့က ဝါးမျှစ်ရှာရင်း အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သော အခင်းတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် တောထဲသွားခြင်းကိုလည်း တပ်မတော်က တားမြစ်ထားကြာင်း ပြောသည်။
“ဟိုတခါ မိုင်းနင်းမိလို့သေဆုံးတဲ့ဖြစ်ရပ်ကြောင့် အခုဆို တောထဲမထွက်ဖို့လည်း တားမြစ်ထားကြတယ်။ စားစရာဆန်မရှိလို့ ဆန်မဟုတ်တဲ့တခြား စားစရာတစ်ခုခုရှာဖို့ကလည်း အဲလိုပိတ်ပင်ထားပါတယ်” ဟု ကလေး ၄ ယောက်ဖခင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။ နေရာတစ်ခုကို သွားလာခွင့် ကန့်သတ်ထားပြီး တခြားနေရာများတွင် စားစရာရှာသွားလာခွင့်ပြုပေးသင့်ကြောင့်လည်း ယင်းက သုံးသပ်ပြောဆိုသည်။

https://www.facebook.com/khumimediagroup/posts/3635266353184621?__cft__[0]=AZXw3K5FiLgzIiQmMZ7R2UJpoLcvjcU8-pUnZgAP8n3JQoirg_V8Aw3ClAWyKmtwDmifdtK3-b2Iy1vKg1JkWseyM2zGigk-0rruK8GPhJbVTG_FbkaxQA3gKmfG6dgYoIqZub_ScXRKbMz0viUQR5PC2z2BV3mUH_QvsuKRc7wheWrOYdcdIMa4jNSg3Zp8Bbo&__tn__=%2CO%2CP-R

No comments:

Post a Comment