ယနေ့(အောက်တိုဘာ ၂၈ ) နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်ရှိ မေယုမြစ်အတွင်း၌ ICRC ၏ ကယ် ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသော သင်္ဘောအပစ်ခံရပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း ရသေ့တောင်မြို့နယ်မှအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က The Ladies News သို့ ပြောကြားသည်။
စစ်တွေမြို့မှ ထွက်ခွာလာသော အဆိုပါ သင်္ဘောမှာ နံနက် ၁၁ နာရီခွဲကျော်အချိန်တွင် ရသေ့တောင်မြို့ နယ်ရှိကံပြင်ကျေးရွာနှင့် ပြင်ဝန်းကျေးရွာကြားတွင် အပစ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
ဦးခင်မောင်လတ်က '' တစ်ဦးသေဆုံးတယ်။ သုံးဦး ဒဏ်ရာရတယ်။ ICRC က ပစ္စည်းတွေကို သယ်ပို့တဲ့ မော်တော်ရေယာဉ် အပစ်ခံရတာလေ။ သူတို့က ဒုက္ခသည်စခန်းတွေကိုသွားပို့တာ။ ကယ်ဆယ်ရေးပစ္စည်း တွေသွားပို့တာ '' ဟု ပြောသည်။
အပစ်ခံမှုကြောင့် သင်္ဘောမီးလောင်ကျွမ်းခဲ့ကြောင်း ၊ သေဆုံးသူတွင်လည်း မီးလောင်ဒဏ်ရာများရရှိပြီး၊ ဒဏ်ရာရသူသုံးဦးအနက် နှစ်ဦးကို စေတီပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ပြင်ဝန်းကျေးရွာမှ ဒေသခံတစ်ဦး က ပြောကြားသည်။
'' လက်နက်ကြီးကျပြီးတော့ အဲဒီ ဘုတ် အခုအထိ တောင်ရှိတယ်။ မီးလောင်နေတာ။ လူကတော့ တစ် ယာက်ကသေသွားတယ်။ မီးလောင်ပြီးတော့ သေသွားတာ။ သုံးယောက်ကတော့ ဒဏ်ရာရတယ်။ တစ် ယောက်ကတော့နည်းနည်းလေးပါပဲ။ နောက်နှစ် ယောက်ကတော့ စေတီပြင်ဆေးရုံကိုပဲ ပို့လိုက်ပါတယ် '' ၎င်းက ပြောသည်။
သင်္ဘောပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်း အား ဆက်သွယ်မေးမြန်းရာတွင် သတင်းရေးသားနေသည့် အချိန်အထိဆက်သွယ်၍ မရခြင်းကြောင့် တပ် မတော်၏ အတည်ပြုချက်ကို ရယူဖော်ပြနိုင်ခြင်းမရှိပါ။
အပစ်ခံရသော စက်လှေမှာ စစ်တွေမြို့ ကုမ္ပဏီတစ်ခုပိုင်စက်လှေဖြစ်ပြီး ဘူးသီးတောင်မြို့နယ်ရှိ IDP Camp များသို့ ဆန်နှင့် အခြားပစ္စည်းများဖြန့်ဝေရန် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက ငှားရမ်းပို့ဆောင်ခြင်းဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။
သင်္ဘောပေါ်တွင် တင်ဆောင်လာသော ပစ္စည်းများမှာဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာများဖြစ်သည်ဟုလည်း ပြင်ဝန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် အရပ်သားထိခိုက်ဒဏ်ရာရသေဆုံးမှုမှာ မကြာခဏ ဆိုသလိုဖြစ်ပွားနေပြီး၊ ဒေသတွင်းနေရပ် စွန့်ခွာ စစ်ဘေးရှောင်ဦးရေမှာလည်း နှစ်သိန်းကျော် အထိ ရှိနေသည်။
http://www.theladiesnewsjournal.com/news/wed-2020-10-28-1611/13938
No comments:
Post a Comment