Saturday, October 3, 2020

မင်းပြားမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ ယမန်နေ့တိုက်ပွဲတွင် ရဟတ်ယာဉ်နှစ်စီးဖြင့် ပါဝင်တိုက်ခိုက်

 မင်းပြားမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ ယမန်နေ့တိုက်ပွဲတွင် ရဟတ်ယာဉ်နှစ်စီးဖြင့် ပါဝင်တိုက်ခိုက်

ခိုင်လူလှ (ရိုးမမြေ)

နိရဉ္စရာ၊ အောက်တိုဘာ ၄/၂ဝ၂ဝ

အောက်တိုဘာ ၃ ရက်နေ့က မင်းပြားမြို့နယ်၊ မေလွမ်းရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

မင်းပြားမြို့နယ်တွင် စက်တင်ဘာ ၃ဝ နေ့လယ်က မေလွမ်းကျေးရွာအနီးတွင် တစ်ကြိမ်၊ အောက်တိုဘာ ၁ ရက် နံနက်အစောပိုင်းတွင် ရာမောင်တံတား အနီး ဆနွင်းတောင်ဝင်ဝတွင် တစ်ကြိမ်၊ ၎င်းနေ့ ညနေပိုင်း ၆ နာရီခန့်တွင် ၎င်းနေရာ အနီးဝန်းကျင်တွင် နောက်ထပ် တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၂ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့သော်လည်း အောက်တိုဘာ ၃ ရက်နေ့ လယ် ၁ နာရီခန့်တွင် မေလွမ်းကျေးရွာအနီးတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်း ၅ နာရီခန့်တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် ၁၅ မိနစ်ကြာ တပ်မတော်ဘက်က လာရောက် တိုက်ခိုက်ခဲ့သည်ဟုမျက်မြင် ဒေသခံများက ပြောသည်။

ရွာမှ ထွက်ပြေးပြီး တစ်ခြားရွာ တစ်ခုသို့ ရောက်နေသည့် မေလွမ်းရွာဒေသခံတစ်ဦးက “ တိုက်ပွဲက မနေ့က နေ့လယ်ပိုင်းမှာ စဖြစ်ပါတယ်။ ဖြစ်တဲ့ နေရာတွေက မေလွမ်းရွာအနီးက ဇောက်ချောင်း တာဝါတိုင်အနီးဝန်းကျင်တွေမှာ ဖြစ်တာပါ။ ညနေ ၅ နာရီလောက်မှာ ရဟတ်ယာဉ် နှစ်စီးနဲ့ အဲဒီအနီးက တောင်တန်းတွေကို လာပစ်ပါတယ်။ စက်တင်ဘာ ၃ဝ နေ့က စဖြစ်ပြီး မနေ့က ထပ်ပြီး တိုက်ပွဲ ပြန်ဖြစ်ပါတယ်။ မေလွမ်း ရွာသားတွေကတော့ အကုန်လုံး ထွက်ပြေးကုန်ပါပြီ” ဟု ပြောသည်။

အောက်တိုဘာ ၁ ရက်၊ ၂ ရက်နေ့များက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း တိုင်းဗဟို (၉) မှ တိုက်ပွဲဖြစ်ပွားရာအနီးက တောင်တန်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဆိုသည်။

“ ရွာမှာတော့ မလားနိုင်၊ မလာနိုင်တဲ့ သက်ကြီးပိုင်းတချို့သာ ကျန်ပြီး ကျန်တဲ့လူတွေက အနီးအနား ကျေးရွာကို ထွက်ပြေးခိုလှုံရောက်ရှိနေပါတယ်။ မေလွမ်းမှာ အိမ်ခြေ ၅ဝဝ လောက်ရှိပါတယ်။ အများစုကတော့ တိုက်ပွဲ စဖြစ်တဲ့နေ့ကတည်းက ထွက်ပြေးကုန်ပါပြီ။ အခုကတော့ စားဝတ်နေရေး အခက်အခဲရှိနေပါတယ်” ဟု ပြောကြားသည်။

မေလွမ်းကျေးရွာအနီး ဇောက်ချောင်းတွင် စက်တင်ဘာ ၃ဝ နေ့မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ အောက်တိုဘာ ၃ ရက်နေ့တွင် ထပ်မံဖြစ်ပွားလာခြင်း ဖြစ်သည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ မနေ့ကညနေမှာ တိုက်တာက ရဟတ်ယာဉ်တွေက အဆန်းတွေပါ။ ကျွန်တော်တို့ မင်းပြားမြို့ပေါ်ကနေ ရဟတ်ယာဉ်တွေ ဝဲပျံပစ်တာကို လှမ်းကြည့်ရင် မြင်ရပါတယ်။ အရင်လို ရဟတ်ယာဉ်တော့ မဟုတ်ဘူး။ တိုက်ပွဲတွေကတော့ အရမ်းပြင်းထန်တယ်လို့ ပြောပါတယ်။ အဲဒီမေလွမ်း အနီးဝန်းကျင်မှာ မနေ့က တိုက်ပွဲဖြစ်နေတာတော့ အတည်ပြုလို့ရပါတယ်” ဟု ပြောကြားသည်။

ယနေ့ အောက်တိုဘာ ၄ ရက်နေ့တွင် နေ့လယ် ၁၂ နာရီထိ တိုက်ပွဲဖြစ်ပွာခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။

---------------------------------------

Unicode -



နိရဉ်စရာ၊ အောကျတိုဘာ ၄/၂ဝ၂ဝ










https://burmese.narinjara.com/.../5f796b56bd1bbf34d1a09050


https://www.facebook.com/narinjara.info/posts/3665225996822784

No comments:

Post a Comment