အပစ်အခတ်ရပ်စဲရေး သက်တမ်းတစ်လတိုးရာတွင် ရခိုင်ဒေသအားချန်လှစ်ထားခြင်းမှာ ပြဿနာ၏အဖြေမဟုတ်ကြောင်း မရမာကြီးလူငယ်ကွန်ယက်မှသဘောထားထုတ်ပြန်
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၄/ ၂ဝ၂ဝ
စစ်ဘေးနှင့် ကိုဗစ်ကပ်ရောဂါဘေးကို အလူးအလဲ ခံစားနေရသော ရခိုင်ဒေသအား အပစ်အခတ်ရပ်စဲရေး သက်တမ်း တစ်လ တိုးမြှင့်ရာတွင် မပါဝင်ဘဲ ချန်လှစ်ထားခဲ့ခြင်းမှာ ပြဿနာ၏ အဖြေမဟုတ်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် မရမာကြီး လူငယ်ကွန်ယက်မှ အောက်တိုဘာ ၂ ရက်နေ့တွင် သဘောထားထုတ်ပြန်သည်။
“လက်ရှိအချိန်သည် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကမ္ဘာကပ်ရောဂါကြီး COVID- 19 ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေနေရချိန်ဖြစ်ပြီး တစ်နေ့လျှင် လူနာပေါင်း တစ်ထောင်ဝန်းကျင်နှုန်းဖြင့် ပိုးတွေ့ရှိနေရကြောင်း၊ ရခိုင်သည် ရန်ကုန်ပြီးလျှင် ကူးစက်လူနာ အများဆုံးပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ဤကဲ့သို့ ကူးစက်မှုအချိန်မြင့်တက်နေချိန်တွင် ရခိုင်ဒေသအတွင်းသို့ ထိုးစစ်ဆင် တိုက်ခိုက်နေမှုတို့ကြောင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပျက်စီးရခြင်း၊ လူနေအိမ်များအပေါ်လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်း၊ မတရားဖမ်းဆီးခံရခြင်း၊ ရွာလုံးကျွတ် မီးရှို့ခံရခြင်းတို့ကို ဆိုးရွားစွာ ကြုံတွေ့ နေကြရပါကြောင်း၊ ရခိုင်ပြည်သူများသည် စစ်ဘေးနှင့် ကပ်ရောဂါဘေးကို တပြိုင်နက်တည်း အလူးအလဲ ခံစားနေကြရပါကြောင်း၊ ၂ဝ၂ဝ စက်တင်ဘာလ ၂၉ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုး ကြေညာခဲ့သော်လည်း ရခိုင်ဒေသအား ချန်လှစ်ထားခြင်းမှာ ပြဿနာ၏ အဖြေမဟုတ်ကြောင်း” ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မရမာကြီး လူငယ်ကွန်ယက်အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းဝင်းက “ တပ်မတော်အနေနဲ့ ပထမ အပစ်အခတ်ရပ်စဲတုန်းကလည်းပဲ ရခိုင်ကို ချန်လှစ်ထားခဲ့တယ်။ အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီး အကြမ်းဖက်အဖွဲ့တွေရှိတဲ့နေရာမှာ အပစ်အခတ် မရပ်ဘူးလို့ ပြောတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် တိုက်ပွဲဖြစ်နေတာက ရခိုင်ပြည်နယ်မှာ ဖြစ်နေတာဖြစ်တယ်။ ဆိုတော့ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ တိုက်ပွဲမရပ်ဘဲ တိုက်ပွဲ မရှိလို့ ပြောလို့ရတဲ့ နေရာတွေမှာ တိုက်ပွဲရပ်တာက မေးခွန်းထုတ်စရာဖြစ်နေတယ်။ နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့သတ်မှတ်တာကလည်း ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်လို့တော့ မြင်တယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းပြင် ရခိုင်ပြည်နယ်မှာ ရန်ကုန်ပြီးရင် ကိုဗစ်ကူးစက်နှုန်း ဒုတိယအများဆုံးပြည်နယ်ဖြစ်နေပြီး တိုက်ပွဲကလည်းဖြစ်နေကြောင်း၊ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နေရကြောင်း၊ ဥပမာအားဖြင့် ရွာများလည်း မီးရှို့ခံရမှုများရှိကြောင်း၊ ယခုလိုမျိုး ဖြစ်နေချိန်တွင် ပွင့်လင်းမြင်သာမှု ရှိရန် အတွက် အင်တာနက်ကို အပြည့်အဝဖွင့်ပေးဖို့လိုအပ်ကြောင်း၊ တစ်ချိန်တည်းတွင် တိုက်ပွဲရပ်စဲပေးဖို့၊ အင်တာနက် ဖွင့်ပေးဖို့ တောင်းဆိုသည့် ကျောင်းသားများကို မတရားပုဒ်မများဖြင့် တရားစွဲမှုများ ရှိနေကြာင်း၊ ၎င်းလုပ်ရပ်မှာ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်သည်ဟု မြင်ကြောင်း၊ သို့အတွက်ကြောင့် မရမာကြီး လူငယ်ကွန်ယက်အဖွဲ့မှ ယခု သေဘာထားကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကြေညာချက်ထဲတွင် စစ်ရှောင်ပြည်သူ ၂ဝဝ, ဝဝဝ ကျော်ရှိနေသည့်အပြင် စစ်ဘေးနှင့် COVID – 19 အန္တရာယ်ကိုပါ ရင်ဆိုင် ကြုံတွေ့နေကြရသည့် ဤစိုးရိမ်ဖွယ်အခြေအနေတွင် အချိန်နှင့် တပြေးညီသတင်းအချက်အလက် စီးဆင်းမှုသည် ပြည်သူများ၏ သေရေး၊ ရှင်ရေးအတွက် လွန်စွာအရေးပါလှပြီး စစ်ရှောင်ပြည်သူများအတွက် နိုင်ငံတကာကူညီ ကယ်ဆယ်ရေးအဖွဲ့များကို လွတ်လပ်စွာ ဝင်ရောက်ကူညီခွင့်ပေးရန် လိုအပ်ကြောင်း ဖော်ပြသည်။
အစိုးရအနေဖြင့် COVID – 19 နှင့် ပတ်သက်၍ ပြည်သူများ၏ Awareness ကိုမြှင့်တင်ရေးနှင့် စစ်ရာဇဝတ်မှု ကျုးလွန်နေသည့် အုပ်စုကို ပွင့်လင်းမြင်သာစွာချပြနိုင်ရေးအတွက် မြန်နှုန်းမြင့် 4G အင်တာနက်ကို ပြန်ဖွင့်ပေးပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအား လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန် အရေးတကြီး လိုအပ်ပါကြောင်း၊ အင်တာနက် ဖိနှိပ်ခြင်းသည် Online Platform ကို အမှီပြုနေကြသည့် ပြည်သူများ၏ လူမှုစီးပွားရေးလုပ်ငန်းများကို ဆိုးဝါးစွာ ရိုက်ခတ်လျက်ရှိပြီး Online ပေါ်မှ ပညာရှာမှီးလိုသော လူငယ်များ၏ ပညာရေးကိုလည်း များစွာထိခိုက်စေပါသည်ဟု ရေးသားဖော်ပြထားသည်။
ထုတ်ပြန်ချက်ထဲတွင် ပြည်တွင်းစစ်ကို ချက်ချင်းရပ်ရန်၊ 4G အင်တာနက်ကို အမြန်ဆုံးပြန်ဖွင့်ပေးရန်၊ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များအား ဝင်ရောက်ကူညီခွင့်ပေးရန်၊ ပြည်တွင်းပြည်ပ သတင်းမီဒီများအား လွတ်လပ်စွာသတင်းယူခွင့်ပြုရန်၊ သမဂ္ဂ ကျောင်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး စွဲဆိုထားသည့် အမှုများအား အမြန်ဆုံး ပြန်ရုပ်သိမ်းပေးရန် စသည့် အချက် (၅) ချက်ကို တောင်းဆိုထားသည်။
-------------------------------------------
Unicode -
နိရဉ်စရာ၊ အောကျတိုဘာ ၄/ ၂ဝ၂ဝ
https://burmese.narinjara.com/.../5f79487fbd1bbf34d1a0904e
https://www.facebook.com/narinjara.info/posts/3664951940183523
No comments:
Post a Comment