Saturday, October 31, 2020

မင်းပြားမှ ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ လက်နက်ကြီးထိ၍ စစ်တွေ ဆေးရုံရောက်၊ ပေါက်တောနှင့်မင်းပြားတွင် တပ်ရေယာဉ်က ယနေ့ ပစ်ခတ်၍ ရွာသားများ ပုန်းခိုနေရ

 မင်းပြားမှ ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ လက်နက်ကြီးထိ၍ စစ်တွေ ဆေးရုံရောက်၊ ပေါက်တောနှင့်မင်းပြားတွင် တပ်ရေယာဉ်က ယနေ့ ပစ်ခတ်၍ ရွာသားများ ပုန်းခိုနေရ

ရန်ကုန်၊ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ စစ်တွေမြို့ ဆေးရုံသို့ ရောက်ရှိဆေးကုသမှု ခံယူနေရကြောင်း ယင်းဖြစ်စဉ်ကို ကူညီပေးနေသူ ဆရာတော်အရှင်ဇနက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"အောက်တိုဘာလ ၂၉ ရက်နေ့က နေဗီ( တပ်မတော်ရေယာဉ်) ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်သွားတဲ့ မင်းပြားမြို့နယ်၊ စက္ကရေ ကျေးရွာက ၆ တန်းကျောင်းသူ မသန်းသန်းစိုးက အခု စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ အခြေအနေကောင်းပါတယ်" ဟု ဆရာတော်အရှင်ဇနက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်ပင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကျော်ရှင်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့်ကျေးရွာသား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရှိသူများမှာ ဦးအောင်သာမောင် (၅၅) နှစ်၊ မထွန်းစိန်(၅၈) နှစ်၊ ပန်းနုဝင်း (၂၅)နှစ်၊ ပန်းနုခင် (၂၇)နှစ်၊ ဦးလှဝင်း (၈) နှစ်တို့ဖြစ်ပြီး တပ်မတော်ဇက်ရေယာဉ်က ပစ်ခတ်သံကြားပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ကာ ကျေးရွာသား ၅ ဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယနေ့နံနက် (၈:၃၀) ခန့် အချိန် တပ်မတော်ရေယာဉ်က ပေါက်တောနှင့် မင်းပြားမြို့နယ်အစပ်နားရှိ လေမြို့မြစ်ကြောင်း တလျောက် သက်ပုန်း၊ ကြောင်ရီချောင်း၊ စွန်ရဲ ၊ ချောင်းလောင်းချောင်း‌ကျေးရွာများကို အကြောင်းမဲ့ ပစ်ခတ်နေသည်ဟု ဒေသခံရွာသားများက REC သို့ သတင်းပေးပို့လာကြောင်း၊ နှစ်ဖက်တိုက်ခိုက်မှုမဟုတ်ဘဲ တစ်ဖက်သက် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှု‌များကြောင့် ကျေးရွာသားများမှာ အသက်ဘေးလွတ်ရာ နေရာများတွင် ပုန်းခိုနေရကြောင်း ရခိုင်မျိုးနွယ်စုများအစည်းအရုံး(REC) က သတင်းထုတ်ပြန်သည်။
REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက "ကျနော်တို့ ပေါက်တောမှာ တိုက်ပွဲမရှိဘူးဆိုလို့ ပစ်ခတ်မှုတွေလုပ်သလားလို့တောင် ထင်မိတယ်။ အခုတော့ ပြည်သူတွေက စိုးရိမ်နေကြတယ်။ ရွာတွေမှာ နေဗီကပစ်လို့ ပုန်းခိုနေကြတယ်။ တော်တော်လေးတော့ စိုးရိမ်နေကြတယ်။ အခုထက်ထိတော့ ထိခိုက်ဒဏ်ရာရရှိမှု မကြားရသေးပါဘူး" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ယနေ့ နေ့လယ်ပိုင်းတွင် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

https://www.facebook.com/khitthitnews/posts/1052264938544185?__cft__[0]=AZXnGF2T-4LJkZe-BJnigxZxVni8xwxWg6QSXhvzVKVltegvJi-GbJJoqUzbIZJRsOFGplztfKqyCu3YM9SEnEVFEnZU82PVpUEiBtkU3pkR9i1eOE4r1i_Qaiw0LOM3dncOIysveKS83OIoenRPLuwG&__tn__=%2CO%2CP-R

No comments:

Post a Comment