Wednesday, October 28, 2020

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအားခေါ်ယူ၍ နယ်နိမိတ်ဆိုင်ရာကိစ္စရှင်းလင်း

 

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအားခေါ်ယူ၍ နယ်နိမိတ်ဆိုင်ရာကိစ္စရှင်းလင်း

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်/သံအမတ်ကြီး ဦးစိုးဟန် က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury ကို ခေါ်ယူတွေ့ဆုံ၍ ဥရောပ အဖွဲ့အစည်းတစ်ခုက လွှင့်တင်ထားသော ဝက်ဘ်ဆိုက်ရှိ မြေပုံတွင် နယ်နိမိတ်ဆိုင်ရာ အချက်အလက် မှားယွင်းစွာ ထည့်သွင်းဖော်ပြထားခြင်းကို အောက်တိုဘာ၂၈ ရက်က ရှင်းလင်းပြောကြားခဲ့သည်။

အမြဲတမ်းအတွင်းဝန်/ သံအမတ်ကြီးက ဥရောပ အဖွဲ့အစည်းတစ်ခုက ဝက်ဘ်ဆိုက်ပါ မြေပုံ၌ ဖော်ပြထားသော အချက်အလက်များသည် မြန်မာနိုင်ငံက ထောက်ပံ့ထားခြင်း မဟုတ်ကြောင်း၊ ယင်းမြေပုံဖော်ပြချက်သည် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ဆောင်ရွက်ချက်သာ ဖြစ် သဖြင့် ၎င်းတို့ထံသို့ တိုက်ရိုက်ကန့်ကွက်ရန်သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုတို့အပေါ် အထူးအလေးထားကြောင်း၊ မိမိတို့နိုင်ငံနှင့်သက်ဆိုင်ခြင်းမရှိ သည့် ပြင်ပအဖွဲ့အစည်း၏ ဖော်ပြထားချက်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအား ပြစ်တင်ကန့် ကွက်ပြောကြားခြင်းမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအပေါ် အပြုသဘောမဆောင် သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ပြဿနာရပ်များအား အိမ်နီးချင်းကောင်း စိတ် ဓာတ်ဖြင့် ဖြေရှင်းမှသာ ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိ ရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဥရောပအဖွဲ့အစည်းတစ်ခုမှ လွှင့်တင်ထားသော ဝက်ဘ်ဆိုက်ရှိ မြေပုံတွင် နယ်နိမိတ်ဆိုင်ရာ အချက်အလက်မှားယွင်းစွာ ထည့်သွင်းဖော်ပြထားခြင်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ကန့်ကွက်ပြောကြားခဲ့ခြင်းအပေါ် အမြဲတမ်းအတွင်းဝန်/ သံအမတ်ကြီးက ပြန်လည်တုံ့ပြန် ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/သံအမတ်ကြီး ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား အောက်တိုဘာ ၂၈ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြား ရေးဝန်ကြီး ဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။

သတင်း – တေဇာဘုန်းမြင့်
ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

http://sdtimedaily.com/2020/10/28/shp26-94/

No comments:

Post a Comment